ထမင်းလက်ဆုံ
မိဘနဲ့ ထမင်းစားခြင်းဖြင့် စကားပြောဆိုတတ်မှု၊ ဆွေးနွေးဖလှယ်တတ်မှုကို ကောင်းစေတဲ့အပြင် ကလေးတွေရဲ့ တစ်နေ့တာ လုပ်ကိုင်မှု၊ သူတို့တွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ပြန်လည်သိရှိနိုင်ပါတယ်။
အသက် 6 နှစ်အရွယ်ကတည်းက မိဘတွေနဲ့အတူ ထမင်းစားနေကျ ကလေးတွေကို အသက် 10 နှစ်အရွယ်မှာ လေ့လာကြည့်တဲ့အခါ မစားတဲ့ကလေးတွေထက် ပိုကျန်းမာပြီး အချိုရည်တွေ အသောက်နည်းတာကို တွေ့ရပါတယ်။ အိမ်မှာချက်တဲ့ဟင်းတွေမှာ အဆီ၊ ဆားနဲ့ ကယ်လိုရီတွေ ပိုနည်းပြီး ကျန်းမာရေးနဲ့ ပိုညီညွတ်တာကြောင့် ဖြစ်နိုင်ပါတယ်။
ကျောင်းမနေခင် ကလေးဘဝကတည်းက မိဘနဲ့ လက်ရည်တစ်ပြင်တည်း စားနေကျကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်ပြီး ရန်ဖြစ်တာ၊ ပျက်စီးလေလွင့်တာတွေ အဖြစ်နည်းတာကိုလည်း တွေ့ရပါတယ်။
မိသားစုနဲ့ ထမင်းလက်ဆုံ စားရခြင်းဟာ ကလေးတွေအတွက် လွတ်လွတ်လပ်လပ် ပြောဆိုဆက်ဆံနိုင်တဲ့၊ စိတ်လုံခြုံမှုကို ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာတရားတွေ လွှမ်းခြုံနေတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဒါဟာ နောက်ပိုင်း ကလေးကြီးပြင်းလာတဲ့အခါ ဘယ်လိုပြုမူပြောဆို ဆက်ဆံတတ်လည်း ဆိုတာအပေါ် လွှမ်းမိုးမှု ရှိနိုင်ပါတယ်။
လေ့လာမှုတွေ အကုန်ပေါင်းဆုံလိုက်တဲ့အခါ မိသားစု ထမင်းလက်ဆုံစားခြင်းဟာ ကလေးရဲ့ စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးမှုအတွက် အရေးပါကြောင်း သိနိုင်ပါတယ်။ တစ်ပတ်ကို 5 ရက်နဲ့အထက် အတူညစာစားပေးခြင်းဖြင့် ကလေးတွေ ကြီးပြင်းလာချိန်မှာ အရက်သောက်ခြင်း ဆေးစွဲခြင်းပြဿနာတွေ နည်းပါးပြီး ကျောင်းပျော်၊ စာတော်တဲ့ကလေး ဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးတတ်တဲ့အကျင့် ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိဘနဲ့ သားသမီးအကြား နွေးထွေးမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























