ထူးထူးဆန်းဆန်း အသက်ဝင်လာသူလေးတွေ
● ၁၉၈၉ မှာ မေရီအယ်လန်လို့ခေါ်တဲ့ အမျိုးသမီးလေးဟာ ဘော်စတွန် ဖလော်ရီဒါမှာ ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အသက်မရှူတဲ့ ကလေးရဲ့ရင်ဘတ်ကို နှိပ်နယ်ပြီး မိနစ်အနည်းငယ်ကြာ ကြိုးစားပြီးနောက်မှာတော့ ကလေးငယ်ရဲ့နှလုံးဟာ စတင်ပြန်လည်ခုန်လာခဲ့ပြီး အသက်ရှင်လာခဲ့ပါတယ်။
● ဒေးဗစ်ရွင်းလို့ခေါ်တဲ့ နာမည်ကျော်ကြားတဲ့ စိတ်ခွန်အားဖြည့်မိန့်ခွန်းတွေ ပြောကြားနေသူဟာ မွေးစဉ်က အသက်ပါမလာခဲ့ပါဘူး။ သွေးသွန်နေတဲ့မိခင်ကို အာရုံရောက်နေတဲ့ သူနာပြုတွေဟာ ကလေးကို မေ့ထားခဲ့ကြပါတယ်။ ပြန်လည်သတိရလာတဲ့မိခင်က စားပွဲပေါ်တင်ထားကြတဲ့ သူမရဲ့ကလေး လှုပ်ရှားလာတာကို သတိရလာလာချင်း လှမ်းတွေ့လိုက်ပါတယ်။ ကလေးရဲ့ ဦးနှောက်ဟာ အောက်ဆီဂျင် ခေတ္တပြတ်တောက်သွားကြောင့် ဦးနှောက် ထိခိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကြီးပြင်းလာတဲ့အခါ သိပ်တော်တဲ့ စာဟောဆရာ ဖြစ်လာခဲ့ပါတယ်။
● ဂျေကော့သော်မကင် မွေးစဉ်က အသက်မပါဘဲ ပျော့ဖတ်ကာ ထွက်လာခဲ့ပြီး ၁ ရာခိုင်နှုန်းသော အသက်ရှင်နိုင်စွမ်းကို အောင်နိုင်ကာ ဆရာဝန်တွေရဲ့ အားထုတ်မှုနဲ့ အသက်ဝင်လာခဲ့ပါတယ်။ အခုတော့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနေပြီလေ။
● အယ်လာကလက်ဆွန်ဆိုတဲ့ ကျန်းမာသွက်တဲ့ ကလေးလေးကလည်း အံ့ဖွယ်ရှင်သန်သူပါပဲ။ သူမကို မွေးစဉ်က ရုတ်တရက် အချင်းကွာခဲ့ပြီး အသက်ရှင်လာဖို့ နာရီဝက်နီးပါး ကြိုးစားခဲ့ရသူပါ။
● လိုဂန်တာမီဆိုတဲ့ ကလေးလေးဟာ မွေးစဉ်က အသက်ပါမလာခဲ့ပါဘူး။ အစွမ်းကုန် ကြိုးစားပြီးတဲ့ ဆရာဝန်တွေဟာ ကလေးသေဆုံးကြောင်း အသိပေးပြီး မိခင်ကို ကလေးကို နှုတ်ဆက်ပွေ့ပိုက်စေခဲ့ပါတယ်။ ခဏတာ ပွေ့ထားစဉ်မှာပဲ ကလေးငယ်ဟာ လှုပ်ရှားလာပြီး အသက်ရှူလာခဲ့ပါတယ်။ ထူးဆန်းစွာ ပြန်လည်ရှင်သန်လာမှုပါပဲ။
● ဂျိန်းအန်းစရောင်းဆိုတဲ့ ကလေးကတော့ မွေးကာစမှာ ပြာနှမ်းနှမ်းနဲ့ အသက်မရှူခဲ့ပါဘူး။ မိနစ်နှစ်ဆယ်ခန့် စောင့်စားပြီး ဆေးရုံကို ပို့လွှတ်ခဲ့ကြပါတယ်။ ဆေးရုံဆရာဝန်တွေဟာ ကလေးကို တစ်နာရီကြာ ပြုစုကုသပြီးနောက်မှာ အံ့သြစရာ ရှင်လာခဲ့ပါပြီ။ ဒီကလေးဟာ အလွန်ကျန်းမာနေတဲ့အပြင် ဦးနှောက်ထိခိုက်မှု လုံးဝမရှိခဲ့အောင် ကံကောင်းလွန်းသူပါ။
● ၂၀၁၃ ဖေဖော်ဝါရီလ ၁၇ မှာ မွေးကင်းစ အသက်မပါတဲ့ ကလေးတစ်ယောက်နဲ့ မွေးပြီးခါစ မိခင်ကိုတင်ပြီး ဆေးရုံကားလေးဟာ လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေပါတယ်။ မွေးပြီး တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကြာမှာ ကလေးကို ထုပ်ထားတဲ့စောင်ထုပ်လေးဟာ လှုပ်ရှားလာပါပြီ။ ကလေးကို အရေးပေါ်ကို တင်လိုက်ပြီး ပြုစုကုသမှုပေးခဲ့ရတာ ဖြစ်ပါတယ်။
● ၁၉၂၃ နယူးယောက်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ မွေးကင်းစ ကလေးတစ်ယောက်ရဲ့နှလုံးထဲကို အဒရီနယ်လင်းဆေးရည် တိုက်ရိုက်ထိုးသွင်းလိုက်ရင်း အသက်ရှင်လာတဲ့အဖြစ်တစ်ခု ရှိခဲ့ပါတယ်။ နာရီဝက်တောင် မကြာဘဲ ကလေးဟာ အသက်ရှူပြီး နှလုံးခုန်လာခဲ့ပါတယ်။
● ယက်စမင်ဆိုတဲ့ ကလေးရဲ့အဖြစ်ကတော့ အဆန်းကျယ်ဆုံးပါပဲ။ ရှိသမျှနည်း အကုန်ကြိုးစားပြီး မွေးကင်းစကလေးကို အသက်ရှင်အောင် လုပ်ခဲ့ကြပေမယ့် နောက်ဆုံးသေပြီလို့ အသုဘစီစဉ်ခဲ့ကြပါတယ်။ ကလေးအဘွားက ကလေးကို ပြန်ပွေ့ယူလာတဲ့အခါ ကလေးဟာ မျက်လုံးလေးတွေ ပွင့်လာပြီး အသက်ရှင်နေတာကို ထူးဆန်းအံ့သြဖွယ် မြင်ခဲ့ကြပါတယ်။ ကလေးကို အရေးပေါ် ကုသမှုပေးခဲ့ရပြီး အခုတော့ နေကောင်း ကျန်းမာနေပြီပေါ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























