/
news/ကလေးများနှင့်ကျန်းမာရေး/ဒီကလေး-ချောင်းဆိုးတာ-ဘာလို့ဝီစီသံ-ထွက်နေတာလဲ

ဒီကလေး ချောင်းဆိုးတာ ဘာလို့ဝီစီသံ ထွက်နေတာလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          ချောင်းဆိုးသံဆိုတာ ပုံမှန်ဆိုရင် သြသြကြီး ဖြစ်တတ်ပေမယ့် အိန္ဒိယနိုင်ငံက ဒီကလေးရဲ့ချောင်းဆိုးသံဟာ ဝီစီမှုတ်သံလို ဖြစ်နေတယ်။

          လွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့။ ၄ နှစ်အရွယ် ကောင်လေးတစ်ယောက် ချောင်းဆိုးလို့ ဆေးခန်းလာပြတယ်။ သူ ချောင်းဆိုးသံက ဝီစီမှုတ်သံလို ဖြစ်နေတယ်။ ဒါကြောင့် ဆရာဝန်တွေက ဝီစီချောင်းဆိုးသံကို တအံ့တသြ ဖြစ်ကြတယ်။

          ရင်ဘတ်ဓာတ်မှန် ရိုက်ကြည့်လိုက်တော့ ဘယ်ဘက်အဆုတ်ကြီး ဖောင်းကားနေပြီးတော့ ဘောလုံးကြီးလို ဖြစ်နေတာကို တွေ့ရတယ်။ ဒီလိုမျိုး ဖောင်းကားနေတာဟာ အသက်ရှူလမ်းကြောင်း တစ်နေရာမှာ ပိတ်နေလို့၊ ဒါမှမဟုတ် ပန်းနာရင်ကြပ်၊ cystic fibrosis မွေးရာပါ အဆုတ်ရောဂါတွေမှာ ဖြစ်တတ်တယ်။

          ဓာတ်မှန်ကိုကြည့်ရုံနဲ့တော့ ဘာပိတ်နေလဲဆိုတာ ခန့်မှန်းမရကြဘူး။ ပုံစံကြည့်ရတာတော့ လေက ကောင်းကောင်းဝင်နိုင်ပေမယ့် ပြန်ထွက်လို့မရတဲ့ပုံစံ ဖြစ်နေတယ်။

          ဆရာဝန်တွေလည်း တစ်ခုခု ပိတ်နေတယ်ပဲ ယူဆပြီး အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်တဲ့အခါ ဒီဘာမှန်းမသိ ဒုက္ခပေးနေတဲ့ ပစ္စည်းလေးဟာ ဝီစီအသေးလေး ဖြစ်နေတယ်။ ကလေးအမှတ်မထင် မျိုချမိပြီး အဆုတ်ထဲ ပိတ်နေတာပေါ့။

          ဝီစီမဟုတ်ဘဲ တခြားတစ်ခုခုသာ ပိတ်နေရင် ဒီလိုဝီစီမှုတ်သံ မဟုတ်ဘဲ အသက်ရှူရခက်တာ၊ တရွှီရွှီမြည်တာမျိုးနဲ့ လာလိမ့်မယ်။

          အသက်ရှူလမ်းကြောင်းထဲ ပြင်ပပစ္စည်းဝင်တာ အဖြစ်များပေမယ့် ဒီလိုတရွှီရွှီမြည်တာမျိုးကတော့ အရမ်းကို ရှားတယ်။

          ထုတ်ပြီး နောက်တစ်ရက်မှာ ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကို တွေ့ရတယ်။ တစ်နှစ်ကြာလို့ ပြန်လာတဲ့အခါ ကောင်လေးဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာပါပဲ။ ရင်ဘတ်ထဲက ဝီစီသံ မကြားရတော့ဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)