/
news/ကလေးများနှင့်ကျန်းမာရေး/နည်းပညာ-အဆိပ်သင့်နေသော-ကလေးငယ်များ

နည်းပညာ အဆိပ်သင့်နေသော ကလေးငယ်များ

Category
ကလေးများနှင့်ကျန်းမာရေး

          နုနယ်ငယ်ရွယ်တဲ့ ကလေးတွေကို ဒီဂျစ်တယ်နည်းပညာ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်နဲ့ စောစောထိတွေ့ပေးခြင်းဖြင့် ဦးနှောက်ဖွံဖြိုးမှု ကောင်းလာတယ်လို့ ဆိုကြပေမယ့် တစ်ဖက်ကလည်း အင်တာနက်ဂိမ်းနဲ့ ဖုန်းစွဲလမ်းသူကလေးတွေဟာ အာရုံစိုက်မှုတွေ ကျဆင်းလာတာ တွေ့ရပါတယ်။

          အင်တာနက်၊ ဖုန်း၊ တက်ဘလက်၊ ဂိမ်း စွဲလမ်းနေတဲ့ကလေးတွေဟာ -

●        အာရုံစူးစိုက်မှု ကျဆင်းလာမယ်။

●        မတည်မငြိမ်ဖြစ်မယ်။

●        ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကျဆင်းလာမယ်။

●        အမှားအမှန် ဝေဖန်နိုင်စွမ်း နည်းလာမယ်။

●        ဆုံးဖြတ်ချက်တွေ နှေးကွေးလာမယ်။

          သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အင်တာနက်နဲ့ ဂိမ်းတွေကနေ ရရှိမယ့် တီထွင်ဖန်တီးနိုင်စွမ်းဟာ အတုအယောင်သာဖြစ်ပြီး တကယ့်ပြင်ပလောကမှာ လက်တွေ့ဖန်တီးနိုင်စွမ်းကို သိသိသာသာ လျော့နည်းသွားစေပါတယ်။ သူတို့ဟာ ထင်သလောက် စိတ်ပိုင်းဆိုင်ရာ ဉာဏအားတွေ တက်မလာဘဲ ထုံထိုင်းနှေးကွေးတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။

          နောက်ပြီး ဖုန်း၊ အင်တာနက်နဲ့ တက်ဘလက်တွေနဲ့ အချိန်ကုန်နေကြသူ ကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ ကျဆင်းလာပြီး ငြိမ်သက်တဲ့ မသွက်လက်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာကြမှာပါ။

          တီဗီတွေ၊ ကွန်ပျုတာတွေ၊ ဂိမ်းတွေက ကလေးတွေကို ငြိမ်နေစေလို့ မိဘများက သဘောကျကြပါတယ်။ ဒါပေမဲ့ ဒါကကောင်းတဲ့ အလားအလာတော့ မဟုတ်ပြန်ပါဘူး။ လှုပ်ရှားနည်းပြီး ဖန်သားပြင်ကို တစ်ချိန်လုံး ကြည့်နေတဲ့ကလေးတွေဟာ အဝလွန်တာ၊ ဉာဏ်ရည်နှေးကွေးတာ၊ စိတ်မငြိမ်တာ၊ ဒေါသကြီးတာ၊ မျက်စိ ထိခိုက်တာတွေ ကြုံတွေ့နိုင်ပါတယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။ ဒါကြောင့် တီဗီ၊ ဂိမ်း၊ ကွန်ပျူတာ၊ တက်ဘလက် ကြည့်ချိန်ကို ကန့်သတ်ပေးပါ။ အသက်နှစ်နှစ်အောက်တွေဆို လုံးဝပေးမကြည့်သင့်ပါဘူး။ သူလေးရဲ့ အမြင်အာရုံရယ် သဘာဝအတိုင်း လှုပ်ရှားသွက်လက်နိုင်စွမ်းကို ထိခိုက်သွားစေတာမို့ သဘာဝကျကျ ဆော့ကစားခြင်းနဲ့သာ ကလေးတွေကို ကြီးပြင်းလာပါစေ။

          ဒီတော့ မိဘတွေအနေနဲ့ ကလေးတွေ ဖုန်း၊ အင်တာနက်၊ တက်ဘလက်တွေနဲ့ အချိန်ကုန်နေတဲ့အခါ ဖြစ်လာမယ့် အလားအလာတွေကို စိတ်ရှိလက်ရှိ စဉ်းစားတွက်ချက်ပြီး သဘာဝအတိုင်း ပြေးလွှားဆော့ကစားခြင်း၊ စကားပြောပေးခြင်း၊ ပုံပြင်ဖတ်ပြခြင်း၊ အားကစား သင်ကြားပေးခြင်းတွေနဲ့ သူတို့ကို လန်းဆန်းတက်ကြွလာအောင် ထောက်ပံ့မှုပေးရမှာပါ။ ကလေးတိုင်းကို ဒစ်ဂျစ်တယ်နည်းပညာ အဆိပ်မသင့်အောင် ကြိုးစားကာကွယ်ပေးကြပါစို့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)