/
news/ကလေးများနှင့်ကျန်းမာရေး/နို့စို့ကလေးငယ်-နှင့်-၀မ်းချုပ်ခြင်း

နို့စို့ကလေးငယ် နှင့် ၀မ်းချုပ်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

        နို့စို့ကလေးတစ်ယောက်ရဲ့ ပုံမှန်၀မ်းသွားတဲ့အကြိ်မ်အရေအတွက်ဟာ ကလေးရဲ့အသက်နဲ့ စားတဲ့အစားအသောက်ပေါ်မူတည်ပါတယ်။ ၀မ်းချုပ်ခြင်းဟာသားသားမီးမီးတို့ အစာမာစစားချိန် (ဖြည့်စွက်စာစကျေွးချိန်) မှာ ဖြစ်ပွားတတ်ပါတယ်။

        ကလေး၀မ်းချုပ်နေခြင်းကို ကလေးရဲ့တုံ့ပြန်တဲ့အမူအရာပေါ်မူတည်ပြီး သိရှိနိုင်ပါတယ်။ ကလေးရဲ့၀မ်းဗိုက်က မာမာခဲခဲတောင့်တောင့်တင်းတင်းကြီးဖြစ်နေမယ်၊ တစ်ပတ်မှာသုံးကြိမ်ထက်နည်းပြီး ၀မ်းသွားမယ်၊ မအီမသာဖြစ်ပြီးငိုနေမယ်၊ ၀မ်းသွားတဲ့အခါလည်း မာကျစ်ပြီးပုပ်အက်အက်အနံ့ထွက်ကာ ကုန်စင်အောင်မသွားနိုင်ဘဲဖြစ်နေမယ်၊ အစားအသောက်နည်းလာမယ် စတဲ့လက္ခဏာတွေကိုတွေ့ရှိပါက ကလေး၀မ်းချုပ်နေပြီလို့ သတ်မှတ်လို့ရပါတယ်။ ၀မ်းချုပ်တဲ့အခါ ဗိုက်အောင့်တတ်တဲ့အတွက် ၀မ်းသွားချိန််မှာကလေးက ခါးကော့ပြီးငိုတတ်ပါတယ်။

         ကလေး၀မ်းချုပ်ပြီဆိုတာနဲ့ ၀မ်းချူဆေးကိုသုံးပြီး ကလေး၀မ်းသွားအောင် ပြုလုပ်ကြတဲ့ မိဘတွေရှိပါတယ်။ ဒါပေမယ့် ဒီလို၀မ်းချူခြင်းမျိုးဟာ ကလေးအတွက်အမြဲလိုလို မကောင်းနိုင်ပါဘူး။ ၀မ်းချုပါများတဲ့အခါ ကလေးဟာ၀မ်းချူပေးမှသာ ၀မ်းသွားတော့တာမျိုးဖြစ်တတ်ပါတယ်။

        ဒါကြောင့်ကလေး၀မ်းချုပ်ပြီဆိုရင် အစားအစာကိုပြောင်းကျေွးဖို့သာ ဦးစားပေးသင့်ပါတယ်။ ၀မ်းချုပ်နေတဲ့ကလေးကို ပန်းသီးစိတ်လေးတွေကြိတ်ချေပြီးကျေွးတာ၊ ဆီးသီးခြောက်လေးတွေ ကလေးစားလို့ရတဲ့ အနေအထားလုပ်ပြီးကျေွးတာ၊ သစ်တော်သီးဖျော်ရည်တိုက်တာ၊ ပဲလေးတွေပြုတ်ကျေွးတာ၊ ရေများများတိုက်တာ၊ ထမင်းအစားအစာပျော့ပျော့ (barley cereal) ကို ကျေွးတာမျိုးပြုလုပ်သင့်ပါတယ်။

         တကယ်လို့ အစားအစာပြောင်းကျေွးလို့မှ ကလေး၀မ်းချုပ်တာမသက်သာဘူးဆိုရင်တော့ Lactulose ပါတဲ့ ၀မ်းပျော့ဆေး (ဥပမာ-Avolac)တွေကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း တိုက်နိုင်ပါတယ်။ ဒါ့အပြင် အစားအစာပြောင်းကျေွးသော်လည်း ကလေးကမသက်သာဘဲ အန်တာ၊ စအိုမှ သွေးထွက်တာတို့ပါ တွဲလျက်ဖြစ်ပေါ်လာပါက ဆရာ၀န်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါကြောင်းအကြံပြုလိုပါတယ်။

 

 

Cho Thet

www.drmyanmar.com