နေမကောင်းတဲ့ဘေဘီလေးတွေကို နည်းလမ်းမှန်မှန် ပြုစုစောင့်ရှောက်ကြမယ်
“သားလေး ဖျားပြန်ပြီ..ကိုရေ..ကိုယ်တွေပူလာပြန်ပီ"
" မနေ့က ရေချိုးတာကြာသွားလို့ပါကွာ.. ပါရာစီတမောအရည်လေးတိုက်ပြီး ခဏသိပ်ထားလိုက်မယ် တံခါးတွေအကုန်ပိတ်ထားနော် လေတိုက်ခံရမှာစိုးလို့"
"သား..ဘာစားလဲခင်ရေ.."
" ဘာမှမစားလို့..သီးစုံဓာတ်ဆားလေးဖျော်တိုက်ထားတယ်.. အရည်တော့သောက်တယ်မောင်ရေ.."
“ ခင်ရေ.. သားကသက်သာပုံမရပါလား... တချိန်လုံးပဲမှိန်းနေတယ်.. အိပ်ပဲအိပ်ချင်တယ်တဲ့...ဘာမှလည်းမစားဘူး သားကိုဆရာဝန်ဆီခေါ်သွားပြီး ဆရာဝန်ပြမှရတော့မယ်"
နေမကောင်းတဲ့ ကလေးကိုပြုစုပုံလေးကို နမူနာတင်ပြလိုက်ပါတယ်။ မှန်/မှားလေး ကြည့်ကြရအောင်။
• ရေချိူးလို့ဖျားတာ အစားမှားလို့ရင်ကြပ်တာ အကြောင်းရင်းတွေရှာတာထက် ကလေးကိုနေကောင်းဖို့သာ အာရုံထားကြရအောင်။
• အခန်းတံခါးတွေပိတ်ထားတာ မှားပါတယ်။ ကလေးအိပ်တဲ့နေရာက လေဝင်လေထွက်ကောင်းဖို့လိုပါတယ်။
• ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်များပြီး ကလေးဖျားတဲ့အခါ ရေပတ်တိုက်ပါ။ နားပါစေ။ ပါရာစီတမော အရည်တိုက်တယ်ဆိုတော့မှန်ပါတယ်။
• ဘာမှမစားတဲ့သားကို သူ့မေမေနဲ့ဖေဖေက ဓာတ်ဆားရည်လေးဖျော်တိုက်ပါသတဲ့။ ဒါလည်းမှန်တာပဲ။
• အိပ်ပဲအိပ်ချင်နေပြီး ခေါင်းမထူနိုင်ဖြစ်နေတဲ့ သားကိုပွေ့ပြီးဆရာဝန်ဆီပြပါတယ်။ ဒါလည်းမှန်ပါတယ်။
သားသားမီးမီး နေမကောင်းတဲ့အခါ နည်းလမ်းတကျ ပြုစုစောင့်ရှောက်နည်းလေးတွေ တင်ပြပေးလိုက်ပါတယ်နော်။
• ဂျီကျတဲ့ကလေးကို စိတ်ရှိလက်ရှိ နားထောင်ပေးကြပါ၊ သူကြိုက်တဲ့နေရာအိပ်ပါစေ။
• သူလေးရဲ့အိပ်ရာလေးဟာ လေဝင်လေထွက်ကောင်းရပါမယ်။
• ရေများများတိုက်ပါ။ နွားနို့ ပဲနို့ ဓာတ်ဆားတွေတိုက်ပေးပါ။
• ဂိမ်းတွေကွန်ပျူတာတွေကို သူနဲ့ဝေးဝေးယူသွားပါ။
• သူလေးကို ပုံပြင်ပြောပြပါ။သီချင်းဆိုပြပါ။
• ဆိုဖာပေါ်မှာ ကလေးကိုပွေ့ရင်း အိပ်မသွားပါနဲ့၊ ကလေးကို ဖိမိမှာစိုးလို့ပါ။
• အိမ်မှာတခြားနေမကောင်းတဲ့သူရှိတဲ့အခါ ကလေးကိုဝေးဝေးထားပါ။
နေမကောင်းတဲ့ ကလေးကို စောင့်ရှောက်ရတာမောပန်းသလို စိတ်ဖိအားလည်းများပါတယ်။မေမေလည်း ကောင်းကောင်းစားပြီး အရည်များများသောက်ပါ။
စိတ်ပူရတဲ့ အခြေအနေလေးတွေကတော့ ဒီမှာပါ။
• ကလေးက လုံးဝသက်သာပုံမရဘူး
• အသက်ရှုမြန်မယ်မောမယ်
• ဇက်တောင့်တင်းမယ်
• ငယ်ထိပ်ဖောင်းလာမယ်
• အလွန်အိပ်ချင်နေမယ်
• ၅ မိနစ်ကြာအောင်တက်မယ်
ဒီလိုလက္ခဏာတွေရှိတဲ့အခါ ဆရာဝန်ကိုချက်ချင်းပြသပါ၊
တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ဆရာမဟာ သင့်ကလေးမြန်မြန်နေကောင်းလာဖို့ အကူအညီအများကြီးပေးနိုင်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
ဒီလိုလက်ခဏာတှရှေိတဲ့အခါ ဆရာဝနျကိုခကြျခငြျးပွသပါ၊






























