နွေရာသီမှာ ဘေဘီလေးတို့ရဲ့ကျန်းမာရေးကို ဒီလိုဂရုစိုက်ပေးပါ
ရာသီဥတုကလည်း ပူ၊ လေတွေကလည်း ပူ၊ ချွေးတွေကထွက်နဲ့ နွေရာသီကြီးက မုန်းစရာကြီးပါ။ လူကြီးတွေတောင်မှ နွေအပူဒဏ်ကို မနည်းခံရတာ ကလေးတွေဆိုရင်တော့ ပြောစရာကို မလိုတော့ဘူး။ ဒီတော့ ဒီလိုပူပြင်းတဲ့ရာသီမှာ ကလေးငယ်လေးတွေကို ပိုပြီးဂရုစိုက်ကြဖို့ လိုပါတယ်။ ကလေးတွေကို ဂရုစိုက်ဖို့အတွက် သိထားသင့်တဲ့အချက်လေးတွေကို ကြည့်ကြရအောင် ...။
1. ကလေးတွေအတွက် နို့ ပိုလိုအပ်ပါတယ်။
လူကြီးတွေမှာ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ဖို့ လိုသလိုပဲ ကလေးတွေမှာလည်း နို့များများစို့ဖို့ လိုပါတယ်။ ကလေးတွေရဲ့ခန္ဓာကိုယ်က ရေ ဆုံးရှုံးမှုမြန်တဲ့အတွက် ရေဓာတ် ပြည့်ပြည့်ဝဝ ပြန်ဖြည့်ပေးရပါမယ်။
၆ လအောက် ကလေးငယ်တွေကို ရေတိုက်လို့မရသေးတော့ နို့ ပိုတိုက်ပေးရပါမယ်။ ပုံမှန်အားဖြင့် ကိုယ်အလေးချိန် တစ်ပေါင်အတွက် နို့ ၂ အောင်စ လိုပါတယ်။ နွေရာသီမှာဆိုရင်တော့ 50% လောက် ပိုလိုအပ်ပါတယ်။ ဥပမာပြောရရင် ကိုယ်အလေးချိန် ၁၀ ပေါင်ရှိတဲ့ ကလေးတစ်ယောက်အတွက် ပုံမှန်အားဖြင့် တစ်နေ့ကို နို့ ၂၀ အောင်စ တိုက်ပေးဖို့ လိုပြီးတော့ နွေရာသီမှာဆိုရင် ၃၀ အောင်စ တိုက်ပေးဖို့ လိုပါတယ်။
ကလေးကို နို့ပိုတိုက်ဖို့ဆိုရင် အမေမှာလည်း နို့ပိုထွက်ဖို့လိုတော့ အမေကလည်း အရည်များများ သောက်ပေးဖို့ အရေးကြီးပါတယ်။ ဘယ်လောက်သောက်ရမယ်လို့ ကန့်သတ်ချက်မရှိပါဘူး။ ရေဆာတာကို မခံစားရတဲ့အထိ သောက်ပေးရပါမယ်။
2. မနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြားအချိန်တွေမှာ ကလေးနဲ့ အပြင်မထွက်ပါနဲ့။
မနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြား အချိန်တွေက နေအပြင်းဆုံးဖြစ်လို့ ဒီအချိန်တွေမှာ အတတ်နိုင်ဆုံး အပြင်မထွက်ပါနဲ့။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း အကာအကွယ် အလုံအလောက်ယူပါ။ ကလေးကို ကောင်းကောင်း ကာထားပါ၊ ကလေးကို အရောင်ဖျော့ဖျော့ ချည်သားအကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပေးပါ။ ကလေးကို ဦးထုပ်ဆောင်းပေးပါ။ (သို့) ထီးမိုးပေးပါ။
3. ကလေးကို အဝတ်တွေ အထပ်ထပ် ဝတ်မပေးပါနဲ့။
တချို့တွေက နွေရာသီကြီးမှာတောင်မှ ကလေးကို အဝတ်တွေ အထပ်ထပ် ဝတ်ပေးတဲ့အလေ့ ရှိပါတယ်။ ဒီလို ဘယ်တော့မှ မလုပ်ပါနဲ့။ ကလေးတွေကို သဘာဝချည်ထည်လေးတွေပဲ ဝတ်ပေးသင့်ပါတယ်။
4. ကလေးတွန်းလှည်း၊ ပုခက်တွေကိုလည်း သေချာရွေးဝယ်ပါ။
ကလေးနေတဲ့နေရာ၊ အိပ်တဲ့နေရာတွေကလည်း အေးမြပြီးတော့ သက်သောင့်သက်သာရှိဖို့ လိုပါတယ်။ သိုးမွေးတွေ၊ ပိုးဖဲသားတွေနဲ့ လုပ်ထားတာတွေက ပူပြီးတော့ လေဝင်လေထွက် မကောင်းပါဘူး။ ဒီတော့ ကလေးတွန်းလှည်း၊ ပုခက်တွေ ဝယ်တဲ့အခါမှာ ချည်သားနဲ့ လုပ်ထားတာတွေကို သေချာရွေးဝယ်ပါ။
ကလေးတွေကို ကားထဲမှာလည်း ဘယ်တော့မှမထားခဲ့ပါနဲ့။ ပူတဲ့ကားထဲမှာ ခဏလေး ထားခဲ့တာကတောင်မှ ကလေးအသက်ကို သေဆုံးစေနိုင်ပါတယ်။
5. ကလေးမှာ ပူတဲ့လက္ခဏာတွေကို သေချာကြည့်ပါ။
ကလေးတွေမှာက ချွေးဂလင်းတွေ ကောင်းကောင်းမဖွံ့ဖြိုးသေးတော့ ကလေးက အရမ်းပူနေလားဆိုတာကို ကြည့်ဖို့ခက်ပါတယ်။ ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရင် ဒါက အရမ်းပူနေတဲ့လက္ခဏာပါ။
● ကလေး မအီမသာဖြစ်နေရင် (သို့) ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေရှိရင်
● ကလေးက အရမ်းအီပြီးတော့ စိတ်ဆတ်နေရင်
● ကလေးရဲ့ အသားအရေက ပုံမှန်ထက် ပိုပြီးတော့ ခြောက်တဲ့ပုံ ပေါ်နေရင်
● ကလေးက နို့စို့ဖို့ ငြင်းရင်၊ ကလေးတွေမှာ ရေဓာတ်ခမ်းခြောက်တာ အရမ်းကြာသွားတဲ့အခါမှာ နို့မစို့ဘဲ နေတတ်ကြပါတယ်။ ဒါက ရေဓာတ် အရမ်းခမ်းခြောက်နေတဲ့လက္ခဏာပါ။
● သေးခံဝတ်မှာ သေးမစိုဘဲ ခြောက်နေရင်။ ကလေး ပုံမှန်သေးမပေါက်တာကလည်း အရေးပေါ် ကုသမှုခံယူရမယ့်လက္ခဏာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























