/
news/ကလေးများနှင့်ကျန်းမာရေး/နှာခေါင်းသွေးလျှံတဲ့အခါ

နှာခေါင်းသွေးလျှံတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

နှာခေါင်းသွေးလျှံတာဟာ ကလေးတွေမှာ အင်မတန် အဖြစ်များပါတယ်။ နှာခေါင်းကို ကာရံထားတဲ့ အမြှေးပါး သွေးကြောသေးသေးလေးတွေ ပေါက်ထွက်တဲ့အခါ နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဒီလိုနှာခေါင်းအတွင်းသား သွေးကြောလေးတွေဟာ အင်မတန်နူးညံ့တာမို့ ပေါက်လွယ်ကွဲလွယ်ပါတယ်။

နှာခေါင်းသွေးလျှံတာဟာ များသောအားဖြင့်တော့ ၁၀ မိနစ်လောက်နဲ့တင် ရပ်သွားလေ့ ရှိပါတယ်။ တစ်ရှူးမှာ၊ အင်္ကျီမှာ သွေးတွေပေနေတာကိုကြည့်ရင် သွေးတွေ အများကြီးထွက်သွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်း သွေးအားနည်းရလောက်အောင်တော့လည်း မများလှပါဘူး။ ရက်သတ္တပတ်ပေါင်း၊ လပေါင်းများစွာ မကြာ မကြာ နှာခေါင်းသွေးလျှံတော့မှသာ ဒီလိုပြဿနာမျိုး ဖြစ်မှာပါ။

နှာခေါင်းသွေးလျှံရင် အများအားဖြင့် ရှေးဦးသူနာပြုနည်းနဲ့ သက်သာစေလိုက်ရင် ရပါပြီ။ ဆရာဝန်ပြရလောက်အောင် မလိုပါဘူး။

» ဘာကြောင့် နှာခေါင်းသွေးလျှံတတ်သလဲ ?
ကလေးတွေ မကြာ မကြာ နှာခေါင်းနှိုက်တာ၊ အားပြင်းပြင်းနဲ့ နှာညစ်တာ၊ နှာခေါင်းကိုဆော့ရင်း ခိုက်မိတာ စတာတွေကြောင့် နှာခေါင်းသွေးလျှံတတ်ကြပါတယ်။

» တခြားအကြောင်းရင်းတွေကို ပြောရမယ်ဆိုရင် ...
● ရာသီဥတုပူတဲ့အခါ အရမ်းနူးညံ့တဲ့ သွေးကြောလေးတွေပေါက်ပြီး နှာခေါင်းသွေးလျှံနိုင်ပါတယ်။
● နှာခေါင်း၊ လည်ချောင်းနဲ့ ဦးခေါင်းခွံတွင်း လေပေါက်လေးတွေမှာ ပိုးဝင်တာမို့ လျှံတတ်ပါတယ်။
● ဓာတ်မတည့်ခြင်း
● နှာခေါင်းတွင်း ပြင်ပ ပစ္စည်းတစ်ခုခု ဝင်ခြင်း
● ဝမ်းချုပ်ခြင်း
● အကိုက်အခဲ ပျောက်ဆေးလိုမျိုးဆေးတွေ
● အောက်ခံရောဂါတစ်ခုခု စတာတွေကြောင့်လည်း နှာခေါင်းသွေးလျှံနိုင်ပါတယ်။

တစ်ခါတလေ ကလေးတွေဟာ ရက်သတ္တပတ် အတော်ကြာကြာ မကြာ မကြာ နှာခေါင်းသွေးလျှံတတ်ပါတယ်။

» နှာခေါင်းသွေးလျှံတဲ့အခါ
● နှာခေါင်းသွေးလျှံတာဟာ မနာပေမယ့် ကလေးဟာ သွေးကိုမြင်ရ၊ အရသာရတဲ့အခါ လန့်သွားတတ်ပါတယ်။
● ကလေးကို ငြိမ်အောင်ချော့ပါ။ ကလေးငိုလေ သွေးပိုထွက်လေမို့ပါ။
● ကလေးကို သက်သောင့်သက်သာရှိစေမယ့် အနေအထားမှာ ထိုင်စေပြီး ရှေ့ကို နည်းနည်းငိုက်စေပါ။
● နှာခေါင်းထိပ်ကလေးကို ဖွဖွလေး ဖိထားလိုက်ပါ။ ၁၀ မိနစ်လောက်ပေါ့။
● သွေးထွက်တာ တိတ်မတိတ် ခဏ ခဏ ဖွင့်ဖွင့်မကြည့်ပါနဲ့။ သွေးခဲသွားဖို့ဆို အချိန်တစ်ခု ယူရမှာပါ။ ကလေးကို စာဖတ်ပြထားတာမျိုး စိတ်အပြောင်းအလဲတစ်ခုခု လုပ်ထားလိုက်ပါ။ ၁၀ မိနစ် ပြည့် မပြည့်ကို နာရီကြည့်ထားပါ။
● ၁၀ မိနစ် ပြည့်သွားရင် လက်လွှတ်ပြီး သွေးတိတ်မတိတ် ကြည့်ပါ။ သွေးထပ်ထွက်နေတုန်းဆိုရင် နောက်ထပ် ၁၀ မိနစ် ဆက်ပိတ်ထားပါ။

» ဒီလိုနှာခေါင်းကို ညှစ်ထားတဲ့အပြင်
● အကယ်၍ ကလေးက ခံနိုင်တယ်ဆိုရင် ကလေးရဲ့ဂုတ်လေးကို ရေခဲလေး ကပ်ပေးပါ။
● ကလေးကို ငြိမ်သွားအောင်ရော၊ သွေးအရသာ ပျောက်သွားအောင်ရော ရေခဲရေလေး တိုက်ပေးလိုက်ပါ။
● ကလေးနှာခေါင်းထဲကနေ ပါးစပ်ထဲစီးကျလာတဲ့ သွေးတွေရှိရင် ထွေးထုတ်ခိုင်းပါ။ မျိုချလိုက်ရင် အန်ချင်လာပြီး အန်မိရင် သွေးက ထပ်ထွက်တော့မှာပါ။

» ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြရမလဲ ?
ဒီနည်းလမ်းတွေလုပ်လို့မှ သွေးထွက်တုန်းဆိုရင် ကလေးကို ဆေးခန်း ဒါမှမဟုတ် နီးစပ်ရာအရေးပေါ်ဌာနကို ခေါ်သွားပေးပါ။ ဆရာဝန်က ကလေးနှာခေါင်းထဲမှာ သွေးကြောပေါက်နေတာ ရှိ၊ မရှိ ကြည့်ပေးပါလိမ့်မယ်။

● ကလေးရဲ့နှာခေါင်းထဲကို သွေးအစီးနည်းစေတဲ့ ဆေးတစ်မျိုး လိမ်းပေးပါလိမ့်မယ်။
● သွေးတိတ်သွားအောင် ကမ်မီကယ်ဓာတ်ပစ္စည်းတစ်မျိုးနဲ့ တို့ပေးပါလိမ့်မယ်။
● ကလေးနှာခေါင်းကို ဆေးဂွမ်း ထည့်ပေးပါလိမ့်မယ်။ ဒီလိုထည့်ထားတုန်းမှာ ပိုးသတ်ဆေး ပေးပါလိမ့်မယ်။ ဆေးဂွမ်းထည့်ထားတဲ့ ကလေးဟာ ဆေးရုံတစ်ညလောက်တော့ တက်ဖို့လိုပါတယ်။

နှာခေါင်းဆေးဂွမ်းထည့်ဖို့ မလိုဘူးဆိုရင် နှာခေါင်းထဲကို တစ်နေ့ ၄ ကြိမ်နဲ့ တစ်ပတ်လိမ်းဖို့ ပိုးသတ်ဆေး ပေးလိုက်ပါလိမ့်မယ်။

သွေးထွက်တာ အရမ်းများရင်တော့ သွေးဘယ်လောက်ထိ ဆုံးရှုံးသွားသလဲဆိုတာ သိဖို့အတွက် သွေးစစ်ကြည့်ဖို့ လိုပါတယ်။

» ဒီအချက်တွေရှိရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
● မကြာမကြာဆိုသလို နှာခေါင်းသွေးလျှံတတ်တယ်။
● နှာခေါင်းသွေးလျှံတဲ့အပြင် တခြားနေရာတွေမှာပါ အညိုအမည်းတွေ ဖြစ်နေတယ်၊ ဖြူဖျော့နေတယ်၊ မိသားစုထဲမှာ သွေးရောဂါရာဇဝင် ရှိနေတယ်။

တစ်ခါတလေ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကိုပြဖို့ လိုနိုင်ပါတယ်။

» အိမ်မှာ ဘာတွေလုပ်ပေးရမလဲ ?
● နှာခေါင်းသွေးလျှံတာ သိပ်မဆိုးဘူးဆိုရင် တစ်နာရီ နှစ်နာရီလောက် ကလေးကို နားခိုင်းပါ။ သွေးထွက်တာ ဆိုးတယ်၊ ဆေးခန်း၊ ဆေးရုံ ပြဖို့လိုတယ်ဆိုရင်တော့ ၁၂ နာရီကနေ ၂၄ နာရီလောက်ထိ နားဖို့လိုနိုင်ပါတယ်။ အေးအေးငြိမ်ငြိမ်နဲ့ ပုံဆွဲတာ၊ စာအုပ်ဖတ်တာမျိုး လုပ်ပါစေ။
● အနည်းဆုံး ၂၄ နာရီလောက် ရေပူ၊ ရေနွေး သောက်တာ၊ ချိုးတာ ရှောင်ပေးပါ။
● ၂၄ နာရီလောက် နှာခေါင်းကို လက်နဲ့ မနှိုက်ပါစေနဲ့။
● ကလေးနှာခေါင်းထဲ ဆေးဂွမ်းထည့်ထားရင် ၂၄ နာရီကနေ ၄၈ နာရီအထိ ထည့်ထားဖို့ လိုပါတယ်။ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။ ဂွမ်းကို ကိုယ့်ဟာကိုယ် မထုတ်ပါနဲ့။ သူ့ဟာသူထွက်သွားပြီး သွေးလည်း ထပ်မထွက်ရင်တော့ ဆရာဝန်နဲ့ ပြန်မပြလည်း ရပါတယ်။

» နောက်ပိုင်း နှာခေါင်းသွေး ထပ်မလျှံအောင်ဆိုရင် ...
● ကလေးနှာခေါင်းက ခြောက်သွေ့ကွဲအက်နေတယ်ဆိုရင် vaseline လိုမျိုးအဆီကို တစ်နေ့ ၂ ကြိမ်နဲ့ တစ်ပတ်လောက် လိမ်းပေးပါ။ ဂွမ်းတံလေးနဲ့ဖြစ်စေ၊ လက်ချောင်းလေးနဲ့ဖြစ်စေ အသာအယာ လိမ်းပေးပါ။ ၄ နှစ်အောက် ကလေးတွေဆိုရင်တော့ ဂနာမငြိမ်တာနဲ့ အနာတရဖြစ်နိုင်တာမို့ ဒီနည်းကို မသုံးပါနဲ့နော်။
● ကလေးက ဝမ်းချုပ်နေတယ်ဆိုရင် အရည်များများတိုက်၊ အမျှင်ပါတာ များများစားပါစေ။ လိုအပ်လျှင် ဝမ်းပျော့ဆေးပေးပါ။

» အဓိက ပြောချင်တာတွေကတော့ ...
● ကလေးတွေမှာ နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များပါတယ်။ အန္တရာယ်လည်း မရှိတတ်ပါဘူး။
● ကလေးကို နည်းနည်း ကသိကအောက် ဖြစ်စေရုံလောက်ပါပဲ။
● ရှေးဦးသူနာပြုနည်းနဲ့ သွေးတိတ်အောင် လုပ်ပေးပါ။
● အရမ်းထွက်တာများရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးလိမ်းတာ၊ ဓာတ်ပစ္စည်းတို့တာ၊ ဆေးဂွမ်းထည့်တာတို့နဲ့ ကုသနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)