ပန်းနာရင်ကြပ်ရှိသူ ကလေးများအတွက် ဆေးငွေ့ရှူစက် (Nebulizer) ကို ဘယ်လိုအသုံးပြုမလဲ
ပန်းနာရင်ကြပ် (Asthma) ရောဂါရှိသူ ကလေးများအနေဖြင့် လိုအပ်သည့်အခါတွင် ဆေးငွေ့ရှူစက် Nebulizer ကို အသုံးပြုရသည့်အချိန်များ ရှိပါတယ်။
ထိုစက်ကို အသုံးပြုနေစဉ် ကလေးငယ်ဟာ ၁၅ မိနစ်မှ မိနစ် ၂ဝ ထိ ငြိမ်ငြိမ်နေရမှာ ဖြစ်ပါတယ်။ ကလေးငယ်များကို ထိုအချိန်အတွင်း ငြိမ်သက်အောင်နေခိုင်းဖို့ မလွယ်တာမို့ မေမေတို့၊ ဖေဖေတို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အခုဖော်ပြမယ့်အချက်လေးတွေကို လိုက်နာခြင်းဖြင့် အဆင်ပြေချောမွေ့နိုင်ပါတယ်။
● Nebulizer စက်ကို နေ့စဉ် အချိန်ပုံမှန်သတ်မှတ်ပြီး အသုံးပြုပါ။ နေ့စဉ် လုပ်ငန်းဆောင်တာ တစ်ခုလိုမျိုးပေါ့။ ဒါဆို ကလေးအနေနဲ့ နေ့စဉ် မဖြစ်မနေ ပြုလုပ်ရမယ့်အလုပ်တစ်ခုလို မြင်လာပါလိမ့်မယ်။
● စက်ရှူချိန်ကို ကလေးများ သဘောကျမည့် နာမည်ပြောင်တစ်ခု ပေးပါ။ ဥပမာ - အငွေ့လေးတွေ ရှူရှူလုပ်မယ် စသည်ဖြင့်ပေါ့။ စက်အသုံးပြုနေစဉ်မှာ ပုံပြင်ဖတ်ပြခြင်း၊ သီချင်းဆိုပြခြင်း စသော ကလေး နှစ်သက်ရာများ လုပ်ပေးနိုင်ပါတယ်။
● ကလေးငယ် နှစ်သက်သော ကာတွန်းအစီအစဉ်များ ဖွင့်ပြပါ။
● Nebulizer စက်ကို သူ နှစ်သက်ရာ စတစ်ကာလေးများဖြင့် အလှဆင် ခိုင်းနိုင်ပါသေးတယ်။
● စက် အသုံးပြုနေစဉ်ကလေးကို ကုလားထိုင်အမြင့် သို့မဟုတ် လူကြီးတစ်ယောက်ရဲ့ပေါင်ပေါ်တွင် ထိုင်ခိုင်းပါ။
● အငြိမ်မနေသော ကလေးများအတွက်ကတော့ သူ အိပ်နေချိ်န်မှသာ စက်ကို အသုံးပြုနိုင်ပါတယ်။
● စက်တွင်ပါသော မျက်နှာဖုံးကို အစွပ်မခံသော ကလေးများအား ဒါဟာ အာကသယာဉ်မှူးတွေတပ်တဲ့ မျက်နှာဖုံးပေါ့ စသည်ဖြင့် စိတ်ကူးယဉ်ဇာတ်ကောင်များနှင့် ပုံဖော်ပေးနိုင်ပါတယ်။ ဒီမျက်နှာဖုံးတပ်ပြီး မေမေက စက်ကိုဖွင့်လိုက်ရင် သားသားက အာကာသထဲ ရောက်သွားတော့မှာဆိုပြီး ပုံပြင်လေးနဲ့ အစပြုလိုက်ပါ။
● စက်အသုံးပြုပြီးပါက သားက တော်လိုက်တာ ဆိုပြီး ချီးမွမ်းဖို့ မမေ့နဲ့နော်။ တတ်နိုင်ရင် သူ ကြိုက်တဲ့အရာလေးတွေ ဆုချလို့ရပါသေးတယ်နော်။
အထက်ပါနည်းလမ်းများကို အသုံးချပြီး ကလေးကို စိတ်ပျော်ရွှင်အောင် ပြုလုပ်နိုင်သလို ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့လည်း လိုပါတယ်။
● ဘယ်လိုမှ ဖျောင်းဖျမရသော ကလေးများအား ကြမ်းတမ်းစွာ ဆက်ဆံခြင်း၊ အတင်းအကျပ် ရှူခိုင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
● ဆေးရှူနေစဉ် ကလေး ငိုကြွေးနေပါက ဆေးအတိအကျ မဝင်နိုင်တာမို့ အတင်းအကြပ်မပြုလုပ်ဘဲ အငိုတိတ်သည်အထိ ချော့မော့ပေးပါ။
အထက်ပါနည်းလမ်းများနှင့် အဆင်မပြေပါက ကလေးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ မမေ့နဲ့နော်။
လေပြေနုသွေး (www.drmyanmar.com)




























