/
news/ကလေးများနှင့်ကျန်းမာရေး/ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့-ကလေးဖြစ်ဖို့ဆိုတာ

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးဖြစ်ဖို့ဆိုတာ

Category
ကလေးများနှင့်ကျန်းမာရေး

အစ်မရဲ့သားလေးက ကြည့်လိုက်တိုင်း မျက်နှာကို ချိုနေတာပဲ … သူစိမ်းလည်း မကြောက်ဘူးနော် …
ကံကောင်းလိုက်တာ အစ်မရယ် … ကျွန်မရဲ့ကလေးကတော့ လူကြောက်တယ် …
ကလေးများအတွက် အရေးပါတဲ့ ကျွမ်းကျင်မှုများထဲမှာ ပေါင်းသင်းဆက်ဆံတတ်ခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်တယ်။

ပေါင်းသင်းဆက်ဆံတတ်ခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှု မြင့်လာအောင် မြှင့်တင်ပေးတဲ့အပြင် မိတ်ဆွေပေါများကာ အသစ်အသစ်သော သင်ယူစရာများကို လေ့လာနိုင်တာမို့ မိမိကလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ နှစ်လိုဖွယ်ကလေးဖြစ်ဖို့ ဘယ်လိုပျိုးထောင်သင့်သလဲ?

Dugro IA 1

●  ကလေး၊ လူကြီးမရွေး ခင်မင်ရင်းနှီးစွာ နေတတ်အောင် လေ့ကျင့်ပေးပါ
မိမိရဲ့ကလေးကို ရွယ်တူကလေးများအပြင် လူကြီးများနဲ့ပါ စကားပြောဆိုခြင်း၊ သူငယ်ချင်းဖြစ်ခြင်းကို အားပေးပါ။ မိမိရဲ့သူငယ်ချင်း မိတ်ဆွေများနဲ့ ကလေးကို မကြာခဏတွေ့ဆုံစကားပြောစေခြင်း၊ Video call ပြောစေခြင်း စသဖြင့် မကြာခဏပြုလုပ်ပေးခြင်းဟာ ကလေးရဲ့လူကြောက်စိတ်၊ စကားပြောမဝံ့မရဲစိတ်များကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

●  မိမိကိုယ်တိုင် ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပါစေ
အမြဲသတိချပ်ရမည့်အချက်မှာ မိဘတွေဟာ ကလေးရဲ့ ရှေ့ဆောင်လမ်းပြပုံရိပ်ဖြစ်တယ်ဆိုတာပါပဲ။ ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်သော်လည်း မိမိကိုယ်တိုင်က ကလေးကိုအော်ဟစ်ပြောဆိုနေခြင်း၊ ပြောသမျှ သေချာနားမထောင်ပေးခြင်း၊ ကလေးရှေ့တွင် အခြားသူများနှင့် အော်ဟစ်ဆဲဆိုခြင်းများ မကြာခဏ ပြုလုပ်နေပါက ကလေးသည်လည်း အလားတူဖြစ်သွားတတ်ပါတယ်။ အတုမြင်အတတ်သင်နေတဲ့ မိမိကလေး ရန်လိုခြင်းမရှိ ပေါင်းသင်းတတ်စေဖို့ မိမိကိုယ်တိုင် ပေါင်းသင်းဆက်ဆံရေးကောင်းသောသူဖြစ်နေဖို့ လိုပါတယ်။

●  သူတစ်ပါးကို စာနာတတ်ဖို့ သင်ပေးပါ
ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်းတစ်ခုတည်းနဲ့ အောင်မြင်နိုင်လား?... မဟုတ်ပါ။ ပေါင်းသင်းဆက်ဆံရေးကောင်း၊ အပြောကောင်းသောသူတိုင်း ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ရှိသူများ မဟုတ်ကြပါ။ အရေးကြီးသောအချက်မှာ မိမိကလေးကို ကိုယ်ချင်းစာတရားရှိပြီး မိမိထက်သာလွန်သူကို မနာလိုခြင်းကင်းစွာ ကောင်းချီးပေးနိုင်၊ မိမိထက်နိမ့်ပါးသူများကို စာနာ၊ ကရုဏာထားနိုင်ဖို့ သွန်သင်ဆုံးမလမ်းပြပေးမှသာ ဘဝတစ်လျှောက် အခက်အခဲများကြုံလာတိုင်း အကောင်းဆုံး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Dugro IA 2

●  အာဟာရမျှတစွာ ကျွေးရပါမယ်
ပေါင်းသင်းဆက်ဆံရေးကောင်းစေဖို့ သင်ကြားပေးရာမှာ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံဖြိုးတိုးတက်ဖို့ အရေးပါသလို ခန္ဓာကိုယ် ကျန်းမာနေဖို့လည်း လိုပါတယ်။ ကလေးတို့မည်သည် သွက်လက်လှုပ်ရှား ကျန်းမာနေမှသာ ရွယ်တူကလေးများနဲ့ တန်းတူကစားနိုင်၊ စာသင်ယူနိုင်မှာဖြစ်တယ်။ ဒါကြောင့် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်များကို အစားအသောက်မှဖြစ်စေ၊ ဖော်စပ်စာနဲ့ ဖော်မြူလာနို့များမှဖြစ်စေ လုံလောက်မျှတစွာကျွေးဖို့ လိုအပ်ပါတယ်။ အာဟာရမလုံလောက်ဘဲ ချူချာသောကလေးများအဖို့ ကျောင်းပျက်ရက်များခြင်း၊ အိမ်တွင်းအောင်းနေရခြင်းများ များလာပါက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းလာကာ ပေါင်းသင်းဆက်ဆံဖို့ ခက်လာတတ်ပါတယ်။

●  လူမှုရေးပြဿနာများ ဖြေရှင်းနိုင်အောင် သင်ကြားပေးခြင်း
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေတဲ့ အရေးကြီးသော စွမ်းရည်တခုမှာ လူမှုရေးပြဿနာများနဲ့ ကြုံတွေ့ရစဉ် တည်ငြိမ်စွာဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ ပြဿနာတက်နေစဉ်၊ ရန်ဖြစ်စကားများနေစဉ် ဒေါသတကြီးပြန်လည် တုံ့ပြန်ခြင်းထက် စိတ်ကို ထိန်းချုပ်နိုင်ပြီး တည်ငြိမ်ယဉ်ကျေးစွာ ကျော်ဖြတ်နိုင်အောင် မိမိကလေးကို သင်ကြား လမ်းပြပေးရမှာဖြစ်ပြီး သို့မှသာ အောင်မြင်ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်မှာ မလွဲပါ။

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးတွေဟာ အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်တာမို့ မိဘများအနေဖြင့် ကြိုးစားပျိုးထောင်ပေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)