ဖေဖေတို့ မဖြစ်မနေဖတ်ဖို့
ဇနီးမယား မီးဖွားချိန်နီးလာတဲ့အခါမှာ ပျာယာခတ်ရသော မိသားစုဝင်များအနက် ဖခင်လောင်းများကတော့ ထိပ်ဆုံးကဖြစ်ပါလိမ့်မယ်။ ရင်သွေးလေး ကိုယ့်ဘဝထဲကို ဝင်ရောက်လာချိန် နီးလာတာနဲ့အမျှ စိတ်ရောလူပါ ready ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်သော ကာလတစ်ခုဆိုလည်း မမှားပါဘူး။ ယခုဆောင်းပါးလေးမှာတော့ မကြာခင် ဖေဖေဖြစ်တော့မယ့် ဖခင်လောင်းများအနေနဲ့ ဘာတွေကြိုပြင်ဆင်ထားသင့်လဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) ကလေးကို ကာကွယ်ဆေးထိုးဖို့ ကြိုတင်ပြင်ဆင်ပါ။
ရင်သွေးလေး မွေးဖွားလာသည်နှင့်တပြိုင်နက် ထိုးရမယ့်ကာကွယ်ဆေးများအပြင် အသက်အလိုက် မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးများကို ဖေဖေတို့က ကြိုတင်လေ့လာထားရပါမယ်။ မေမေ့အနေနဲ့ ကလေးကို ပြုစုရခြင်းကြောင့် မေ့နေရင်တောင် ဖေဖေက သိရှိပြီး သတိပေးသင့်ပါတယ်။
(၂) ကလေးမွေးပြီးနောက် စိတ်ကျခြင်းကို သတိပြုပါ။
ကလေးမွေးပြီးနောက် အမျိုးသမီးတွေဟာ စိတ်အတက်အကျများစွာနဲ့အတူ စိုးရိမ်သောကများကို ခံစားရတတ်ပါတယ်။ ထိုသောကများကို တစ်ဦးချင်းစီအလိုက် တုံ့ပြန်ပုံဟာ မတူညီတတ်ကြတဲ့အတွက် မိမိဇနီးကို သည်းခံနားလည်ပေးဖို့ လိုပါလိမ့်မယ်။ လိုတာထက်ပိုပြီး သောကများနေခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ ငိုနေခြင်းတို့ ဖြစ်ပေါ်နေပါက ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့လည်း လိုပါတယ်။
(၃) ကားပေါ်တွင် ကလေးထိုင်ခုံ တပ်ဆင်ဖို့ မမေ့ပါနဲ့။
မွေးဖွားချိန် နီးလာတာနဲ့အမျှ ကလေးထိုင်ခုံကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
(၄) ကလေး လာကြည့်မယ့်သူများနဲ့ ပတ်သက်ပြီး ကြိုတင်တွက်ဆပါ။
ကလေးမွေးဖွားသည်ဟု အသံကြားတာနဲ့ ရပ်ဝေးရပ်နီးက မိတ်ဆွေများ မိသားစုများက လာရောက်သတင်းမေးကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မေမေတို့အနေနဲ့ မီးဖွားပြီးနောက်ပိုင်းတွင် ပင်ပန်းနွမ်းနယ်နေတတ်တာမို့ အားလုံးကို ဧည့်ခံဖို့ အဆင်မပြေပါဘူး။ ဒီအတွက်ကို ဖေဖေတို့အနေနဲ့ ဘယ်ဧည့်သည်ကို ဘယ်အချိန်ထိ စကားပြောလိုကြောင်း၊ ဘယ်သူ့ကို ဦးစားပေးတွေ့လိုကြောင်း ဇနီးသည်ကို ကြိုတင်မေးမြန်းထားပြီး သတ်မှတ်ချိန်ထက် ကြာပါက မိခင်နဲ့ကလေး အနားယူဖို့ လိုအပ်ကြောင်း ဝင်ရောက်သတိပေးနိုင်ပါတယ်။
(၅) စိတ်ရှည်နားလည်သော လက်တွဲဖော်ဖြစ်အောင် ကြိုးစားပါ။
အသစ်စက်စက် မေမေများအနေနဲ့ ကလေးတစ်ယောက် မွေးဖွားလာပြီးနောက်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျမှုကို ခံစားကြရပါတယ်။ ထိုအခါမျိုးမှာ လက်တွဲဖော်ရဲ့ နွေးထွေးကြင်နာမှုကို အမျိိုးသမီးတိုင်း တောင့်တတတ်ကြပါတယ်။ ဆံပင်လေးများကို ပွတ်သပ်ပေးခြင်း၊ သူမ ကြိုက်နှစ်သက်သော အစားအစာများ ဝယ်လာခြင်း၊ ကလေးဝေယျာဝစ္စများ ၀ိုင်းကူခြင်းတို့အပြင် သူမ ညည်းညူသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးခြင်းတို့ဖြင့်လည်း ဖေဖေတို့ ကူညီနိုင်ပါတယ်နော်။
ကဲ ... ဖေဖေတို့ရေ နွေးထွေးကြင်နာတဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်ဖို့ အဆင်သင့်ပဲလား။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























