ဘေဘီတို့ ရေကူးကန်မှာ ဆော့တဲ့အခါ ...
ရေကူးကန်မှာ ရေသွားကူးရတာ ပျော်စရာကြီးပဲပေါ့။ ဒါပေမဲ့ ရေကူးကန်က ပိုးမွှားတွေက ဖျားနာ နေမကောင်း ဖြစ်စေနိုင်တယ်။ ဒါကြောင့် ရေကူးကန်မှာ ရေသွားကူးမယ်ဆိုရင် ဒါတွေကို သတိထားဖို့ လိုမယ်နော်။
>> ရေကူးကန်နဲ့ ဖျားနာခြင်း
ရေကူးကန် အများစုကတော့ သန့်ရှင်းပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သေချာသန့်ရှင်းရေး မလုပ်မိတဲ့အခါ၊ ရေကူးကန် ဓာတုပစ္စည်းတွေ သေချာမထည့်မိတဲ့အခါ ပိုးမွှားတွေ ပွားများလာနိုင်တယ်။
ရေကူးကန်ထဲ ပိုးမွှားတွေရှိနေခဲ့ရင် နား၊ မျက်လုံး၊ အရေပြား၊ အဆုတ်ရင်ခေါင်းနဲ့ အစာအိမ် အူလမ်းကြောင်းတွေ ပိုးဝင်နိုင်တယ်။ နောက်ပြီး ရေကန်ထဲဓာတုပစ္စည်းတွေ အရမ်းများခဲ့ရင်လည်း မျက်လုံးနဲ့ အရေပြားကို ထိခိုက်နိုင်တယ်။
>> ရေကူးကန်ထဲ ပိုးမွှားတွေ ဘယ်လိုရောက်လာသလဲ?
● အရေပြား၊ ချွေး၊ ဆီး၊ ဝမ်း၊ တံတွေးနဲ့ အနာတွေကနေ
● အမှုန်အမှိုက်၊ အစားအသောက်နဲ့ တခြားပစ္စည်းတွေကနေတစ်ဆင့် ရောက်လာတတ်ကြတယ်။
ဒီလိုရေကူးကန်ထဲ ပိုးမွှားတွေ ရောက်လာဖု့ိက အင်မတန်ကို လွယ်ကူတယ်။ ဝမ်းသွားနေသူတစ်ယောက်ဟာ လက်ရော၊ တင်ပါးကိုပါ သေချာဆေးကြောပေမယ့်လည်း ပိုးမွှားတွေ ရှိနေနိုင်သေးတယ်။ ဒီပိုးမွှားတွေဟာ ရေကူးကန်ထဲ ရောက်လာသူတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။
ပြီးတော့ ကလေးသေးသေးလေးတွေဟာ ရေကူးကန်ထဲ ဆီးဝမ်းထွက်ကျနိုင်ခြေ များတယ်။ ပိုဆိုးတာက ကလေးတွေ ဝမ်းသွားနေခဲ့ရင် ရေစိုခံ သေးခံဝတ် ပေးထားရင်တောင် ရေကန်ထဲ ရောက်လာနိုင်တယ်။
>> ရေကူးကန်ကို သန့်ရှင်းစေဖို့ ...
ရေကူးမယ့်လူတွေအနေနဲ့ -
● ဝမ်းသွားနေစဉ် ရေမကူးပါနဲ့။
● ပါးစပ်ထဲရေတွေ မဝင်ပါစေနဲ့။ ရေကို မျိုမချပါနဲ့။
● အိမ်သာ သွားပြီး ကလေးသေးခံ လဲပေးပြီး လက်ကို သေချာဆေးကြောပါ။
● ရေကူးကန်ထဲ ရေမကူးခင်နဲ့ ကူးအပြီး ရေချိုးပေးဖို့ လိုတယ်။
>> ကလေးမိဘတွေအနေနဲ့ -
● ကလေး ရေကူးကန်ထဲ မဆင်းခင် တင်ပါးလေးတွေကို သေချာဆေးကြောပေးပါ။
● ရေစိုခံ သေးခံလေးတွေ ဝတ်ပေးပါ။ ဒါပေမဲ့ ဒီသေးခံမျိုးဟာ ပိုးမွှားတွေ မဝင်ရောက်အောင် လုံးဝတားဆီးတာမဟုတ်ဘဲ နှေးရုံနှေးစေတာကို သတိထားစေလိုတယ်။
● သေးခံကို ပုံမှန်လဲပေးပါ။
● ပြီးတော့ သေးခံလဲရင် ရေကူးကန်နဲ့ ဝေးဝေးမှာ လဲပေးသင့်တယ်နော်။
● အိမ်သာမှာ သွားတက်နေပြီဖြစ်တဲ့ ကလေးတွေကိုလည်း ရေကူးကန်ထဲ ဝမ်းမသွားရဘူးဆိုတာ သေချာပြောပြထားဖို့ လိုတယ်။
>> ကလေးတွေဆော့တဲ့ အိမ်တွင်းရေကန်တိမ်တိမ်ကို သန့်ရှင်းစေဖို့ ...
ဒိီရေကန်တိမ်လေးတွေဟာ ဓာတုပစ္စည်းတွေ မထည့်ထားတာမု့ိ ပိုးမွှားတွေ အကူးနိုင်ဆုံးပါ။
ဒါကြောင့် ကလေးတွေ ပိုးမွှားမကူးစက်နိုင်အောင် ကာကွယ်နိုင်ဖို့ -
● ကလေးပါးစပ်ထဲ ရေ မဝင်ပါစေနဲ့။
● ကလေးတွေ ဆော့ပြီးတာနဲ့ ရေလဲပေးသင့်တယ်။
အိမ်တွင်း ရေကူးကန်တွေဟာ စိတ်ချသန့်ရှင်းနေဖို့ အမြဲတမ်း ပြုပြင်ထိန်းသိမ်းနေဖို့ လိုတယ်။
● ညွှန်ကြားထားတဲ့အတိုင်း ဓာတုပစ္စည်းတွေကို သုံးပါ။
● ရေရဲ့ pH နဲ့ ကလိုရင်းဓာတ်တွေကို သေချာစစ်ဆေးပါ။
● ရေဟာ ကြည်သန့်နေပြီး ရေကြမ်းပြင်ကို မြင်နေရပါစေ။
ရေကူးကန်ထဲ တစ်ယောက်ယောက် ဝမ်းထွက်ကျသွားတယ်ဆိုရင် ချက်ချင်း ရေတွေဖောက်ချလိုက်ပြီး ရေကန်ကြမ်းပြင်ကို ပိုးသတ်ဆေးနဲ့ ဆေးပေးပါ။ ပြီးတော့ ၄ နာရီလောက် အနည်းဆုံး နေရောင်ခံပေးပါ။
>> ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကူးကန်ကို ရဖို့အတွက်
ရေကူးကန်သုံး ဓာတုပစ္စည်းတွေကို သေချာထည့်ပေးရင် ပိုးမွှား တော်တော်များများကို နှိမ်နင်းနိုင်ပါတယ်။
ဒါပေမဲ့ ရေကူးကန် သုံးသူတွေ အရမ်းများရင်တော့ ရေကန် ဘယ်လောက်သန့်သန့် ပိုးတွေ ဝင်နိုင်ပါတယ်။
ရေကန် ဘယ်လောက်သန့်လဲ သိချင်ရင် ရေကူးကန်ရဲ့ နောက်ဆုံး pH ဘယ်လောက်ရှိလဲ မေးကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























