ဘေဘီလေးတွေရဲ့ ဝမ်းအရောင်လေးတွေ မှတ်မှတ်သားသားရှိကြဖို့
ရင်သွေးလေးတယောက် လောကကြီးထဲကို ဝင်ရောက်လာပြီဆိုတာနဲ့ မေမေတို့ဖေဖေတို့်မှာ ရင်သွေးလေးနဲ့ ပတ်သက်သမျှ အသေးစိတ်ကအစ စိတ်ဝင်တစား အလေးဂရုပြုရပြီပေါ့နော်။ ရင်သွေးလေးတွေရဲ့ ပုံမှန်ဝမ်းအရောင်ကိုရော မသိချင်ကြဘူးလား။
• မွေးကင်းစမှာမွေးမွေးချင်း နာရီပိုင်းတွေအတွင်းသွားတဲ့ဝမ်းက ကတ္တရာစေးလို ပျစ်ပျစ်စေးစေးပါ။ ရေမွှာရည်မှာ ဝမ်းအရောင်ပါနေပြီး ညစ်ပတ်နေရင်တော့ ကလေးမသက်မသာဖြစ်နေတာကိုပြသပြီး အရေးပေါ်မွေးဖွားဖို့လိုတတ်ပါတယ်။
• ဘေဘီလေးက နို့စသောက်တာနဲ့ သူလေးရဲ့ ဝမ်းအရောင်က အစိမ်းဖျော့ဖျော့နဲ့ချွဲလာတတ်ပါတယ်။၀မ်းကအရင်လိုတော့ ပျစ်ပြီးမစေးဘူးတော့ဘူးနော်။
• နောက်တဆင့်ကျတော့ ဝမ်းအရောင်က ပိုမိုဖျော့လာပြီး နည်းနည်း ပိုပြီးကျဲလာပါတယ်။ အပျစ်တော့မသွားတော့ပါဘူး။ နို့သောက်နေပြီလေ။
• နို့ကောင်းကောင်းဝင်ပြီဆိုတာနဲ့ သိပ်မကြာခင် ဝမ်းကကျဲသထက်ကျဲလာပြီး အရောင်ကအဝါရောင်သန်းလာပါတယ်၊ နို့ဦးရည်ဟာ ကလေးတွေအတွက် သဘာဝဝမ်းပျော့ဆေးပါတဲ့။
• ကောင်းကောင်းနို့စို့နေတဲ့အဆင့်မှာ ဝမ်းအရောင်တွေက အဝါရောင်လုံးဝဖြစ်လာပါပြီ။ အရည်ကျဲကျဲတွေဖြစ်လို့ လုံးဝစိတ်မပူပါရဘူးနော်၊ ဝမ်းထဲမှာ သေးသေးအစေ့လေးတွေလည်း ပါနိုင်ပါသေးတယ်။ သုံးရက်ကနေ လေးရက်အတွင်း နို့ကောင်းကောင်းစို့နေတဲ့ဘေဘီလေးအတွက် ဒိုက်ပါကောင်းကောင်းတော့လိုပြန်ပြီပေါ့။
• သမီးမိန်းကလေးတွေမှာ မွေးကင်းစမှာ သားအိမ်ကနေ အကျိအချွဲထွက်ပါတယ်။ မိန်းမကိုယ်ကနေ အကျိလေးနည်းနည်းထွက်ရင်စိတ်မပူပါနဲ့၊ ဟော်မုန်းမညီမျှလို့ဖြစ်တာမို့ အနည်းငယ်လောက်ဆင်းတာပြဿနာမရှိတတ်ပါဘူး။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























