ဘေဘီလေးတွေ လမ်းလျှောက်တဲ့အခါ ...
ကလေးတွေ လမ်းလျှောက်တာဟာ အချက်တွေအများကြီးပေါ် မူတည်ပါတယ်။
၅၀% လောက်သော ကလေးတွေဟာ ၁ နှစ်ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်တယ်လို့ ဆိုပေမယ့် ၉ လကနေ ၁၆ လဝန်းကျင်လောက်အထိ ကွဲပြားနိုင်တယ်။ လမ်းလျှောက်တယ်ဆိုတာ ကြွက်သားကြံ့ခိုင်မှု၊ ဟန်ချက်ညီမှု၊ ပင်ကိုဗီဇတွေပေါ် မူတည်တယ်။ လမ်းလျှောက်တဲ့အသက်ပေါ် အမူတည်ဆုံးကတော့ ပင်ကိုဗီဇပါ။ တွားသွားတယ်ဆိုတာ လမ်းလျှောက်တာထက် ပိုလွယ်တာကြောင့် တွားသွားတတ်သွားတ့ဲကလေးတွေဟာ လမ်းလျှောက်ဖို့ကို စိတ်မဝင်စားဘဲ ပြိုင်ကားလေးတွေလိုပဲ ကြမ်းပြင်မှာ တွားသွားရတာကိုပဲ ပျော်နေတတ်ကြတယ်။
>> နောက်ကျ လမ်းလျှောက်တတ်ကြတဲ့ ကလေးတွေ
နောက်ကျပြီး လမ်းလျှောက်တတ်တဲ့ကလေးတွေဟာ လမ်းလျှောက်ဖု့ိထက်စာရင် ဟိုဟိုဒီဒီကြည့်ရ၊ မြင်ရ၊ လျှောက်ဆော့ကစားရတာတွေကို ပိုပျော်နေတတ်ကြတယ်။ ဒီလိုကလေးတွေဟာ တွားသွား-ဟိုဟိုဒီဒီလျှောက်သွား-လမ်းလျှောက်စတဲ့ အစီအစဉ်အတိုင်း တဖြည်းဖြည်းချင်းစီ တစ်လှမ်းချင်းကို တွက်ချက်ပြီး ကိုယ့်နှုန်းနဲ့ကိုယ် သွားတတ်ကြတယ်။ လမ်းစလျှောက်တဲ့အချိန်မှာလည်း ကောင်းကောင်း လျှောက်ပါလိမ့်မယ်။
>> လမ်း စောလျှောက်တတ်ကြတဲ့ ကလေးတွေ
စောစော လမ်းလျှောက်တဲ့ကလေးတွေဟာ မိဘတွေတောင် ကင်မရာ အဆင်သင့် မဖြစ်သေးခင်မှာ လှုပ်ရှားမှုပန်းတိုင်တွေကို အမြန်အမြန် ခုန်ပြန်ကျော်လွှားပြီး တက်သွားတတ်ကြတယ်။ ကိုယ်ခန္ဓာ အမျိုးအစားကလည်း လမ်းလျှောက်တဲ့အသက်အပေါ် သက်ရောက်မှုရှိတယ်။ ပိန်သွယ်တဲ့ကလေးတွေက လမ်းစောစော ပိုလျှောက်တယ်။ ဒီလို လမ်းစောစော လျှောက်တတ်သူတွေဟာ သတိထား လျှောက်တတ်တဲ့သူတွေထက် ပိုပြီးထိခိုက်ဒဏ်ရာရတတ်တယ်။
ကလေးကို ချီပိုးပေးတာကလည်း လမ်းလျှောက်တာကို အထောက်အကူပြုတယ်။
ကလေးကို ချီပိုးတတ်တဲ့မိဘတွေက ကလေး လမ်းလျှောက်နောက်ကျမှာကို စိုးရိမ်တတ်ကြတယ်။ ဒါပေမဲ့ စိတ်မပူနဲ့နော်။ လေ့လာမှုတွေအရ ကလေးကို တစ်နေ့ နာရီပေါင်းများစွာ ချီပိုးထားတာလိုမျိုး အမြဲ တပူးတွဲတွဲ အုပ်ထိန်းမှုပုံစံမျိုးဟာ လှုပ်ရှားမှုပန်းတိုင်ကို ပိုမြန်မြန်ရောက်စေနိုင်တယ်။ ဘယ်ကလေး ဘယ်အသက်အရွယ်မှာ လမ်းလျှောက်လျှောက် လမ်းလျှောက်တဲ့အသက်အရွယ်ဟာ အသိဉာဏ်နဲ့ လှုပ်ရှားမှုကျွမ်းကျင်မှုတွေအပေါ် သက်ရောက်မှုမရှိဘူးနော်။
>> ထော့နဲ့ထော့နဲ့ဖြစ်ခြင်း
ကလေးဘဝမှာ လမ်းလျှောက်ပုံ မမှန်တာတွေ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ကလေး လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ ဖြစ်နေရင် သေချာစမ်းသပ်စစ်ဆေးဖို့ လိုတယ်။ တကယ်လို့ ကလေးလမ်းလျှောက်တာ ပုံမမှန်ဘူး (ဥပမာ - ဘဲလျှောက်လျှောက်တာ၊ ခြေတရွတ် ဆွဲလျှောက်တာ) ဆိုရင် ဆရာဝန်ကို ပြောပြပါ။ တစ်ခါတလေတော့ သူ့အလိုလို ပုံမှန်ဖြစ်သွားနိုင်ပေမယ့် ဆရာဝန်နဲ့ပြပြီး တင်ပါးဆုံ ထိခိုက်မှုတွေ ရှိ/မရှိ၊ ပုံမမှန်ဖွံ့ဖြိုးမှုတွေ ရှိ/မရှိ စစ်ဆေးကြည့်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























