/
news/ကလေးများနှင့်ကျန်းမာရေး/ဘေဘီလေးတွေ-သွားပိုးစားပြီး-သွားမကိုက်အောင်-ဘယ်လိုကာကွယ်မလဲ

ဘေဘီလေးတွေ သွားပိုးစားပြီး သွားမကိုက်အောင် ဘယ်လိုကာကွယ်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

အခုပြောပြမယ့်ရိုးစဉ်းတဲ့ နည်းလမ်းလေးတွေနဲ့ပဲ ကာကွယ်နိုင်ပါတယ်။
1.  ကလေးတစ်ယောက်မှာ သွားတစ်ချောင်း စပေါက်လာတာနဲ့ သွားစတိုက်သင့်ပါတယ်။ သွားတွေ၊ လျှာနဲ့သွားဖုံးတွေကို တစ်နေ့နှစ်ကြိမ် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့တိုက်စေပြီး ကလေး သွားတိုက်တာကို ကိုယ်တိုင် စောင့်ကြည့်ပါ။
2.  အသက် ၃ နှစ်အောက်ငယ်တဲ့ ကလေးတွေအတွက် သွားတိုက်ဆေးက ဆန်လုံးတစ်လုံးလောက်စာဆို လုံလောက်ပြီး ၃ နှစ်ထက်ကြီးသွားရင်တော့ သွားတိုက်ဆေးကို မြေပဲစေ့ငယ် တစ်စေ့စာ အသုံးပြုနိုင်ပါတယ်။
3.  အသက် ၂ နှစ်ကစပြီး ကလေးကို သွားကြားထိုးကြိုးလေးနဲ့ သန့်ရှင်းပေးလို့ရပါပြီ။
4.  ကလေးကို မျှတလုံလောက်တဲ့ အစားအစာတွေ ကျွေးသင့်ပါတယ်။ စေးကပ်ပြီး သကြားဓာတ်များတဲ့ သရေစာတွေကို တတ်နိုင်သမျှ ထိန်းချုပ်ထားသင့်ပါတယ်။ အာလူးကြော်တွေ၊ သကြားလုံးတွေ၊ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေလည်း အပါအဝင်ပါပဲနော်။

Biogesic for kids IA 1

5.  မေမေဖေဖေတွေရဲ့ ပါးစပ်ထဲကပိုးတွေ ကလေးတွေဆီ မရောက်အောင်လည်း သတိထားပါ။ ကိုယ်ပိုင်ပန်းကန်နဲ့ပဲ ကလေးကို စားခိုင်းသင့်ပြီး ကလေးရဲ့ချိုလိမ်ကိုလဲ မိဘတွေရဲ့တံတွေးနဲ့ မထိအောင်လည်း ကာကွယ်သင့်ပါတယ်။
6.  အကယ်၍ ကလေးက ညဘက်အိပ်တဲ့အခါ နို့ဘူးစို့တတ်ရင်တော့ နို့ဘူးကို ရေနဲ့ပဲ ဖြည့်ပေးသင့်ပြီး သွားပိုးစားစေတဲ့ အချိုရည်တွေ၊ နို့မှုန့်တွေကို ရှောင်ရပါမယ်။
7.  အကယ်၍ နေတဲ့နေရာက ဖလိုရိုက်ဓာတ် ချို့တဲ့တတ်ရင် ကလေးရဲ့သွားဆရာဝန်နဲ့လည်း ဖလိုရိုက်ပါတဲ့ ဖြည့်စွက်စာတွေ သုံးသင့်၊ မသင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
8.  ကလေးကိုလည်း ခြောက်လတစ်ကြိမ် သွားသန့်ရှင်းရေးလုပ်ဖို့၊ စမ်းသပ်စစ်ဆေးဖို့ ရက်ချိန်းယူသင့်ပါတယ်။

Biogesic for kids IA 2

>>  မှတ်ထားသင့်တာတွေကတော့ -
သွားပိုးစားခြင်းဆိုတာ သွားကြွေလွှာတွေ ပျက်စီးပြီး သွားပိုးပေါက်တွေဖြစ်တာကို ဆိုလိုပါတယ်။ ပါးစပ်ထဲက ဘက်တီးရီးယားပိုးတွေက သွားကို ပျက်စီးစေပြီး သွားကြွေလွှာကို ဖျက်ဆီးမယ့် စေးစေးကပ်ကပ် အဖတ်ကလေးအဖြစ်ကို ပြုလုပ်ပါတယ်။ ခံတွင်းသန့်ရှင်းမှု နည်းပါးတာကလည်း သွားပိုးစားနိုင်ခြေကို ပိုမြင့်စေပါတယ်။ သွားပိုးစားပြီး သွားကိုက်ရင် လူကြီးတွေမှာတောင် ခံရခက်တာမို့ ကလေးတွေရဲ့ သွားလေးတွေ သွားပိုးမစားအောင် နေ့စဉ်ဂရုစိုက်ပေးဖို့ အကြံပြုလိုက်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)