မိဘများအနေဖြင့် မိမိကလေးငယ်များအား နမိုးနီးယားအဆုတ်ရောင်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ကြပါစို့
ရာသီအကူးအပြောင်းကာလတွင် လူကြီးကော ကလေးများပါ တုတ်ကွေးနှင့် အခြားသော ကူးစက်ရောဂါများ ခံစားရလေ့ရှိကြပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကလေးငယ်များကို နမိုးနီးယား အဆုတ်ရောင်ရောဂါ မကူးစက်အောင် မိဘများအနေဖြင့် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
နမိုးနီးယားရောဂါကို ကာကွယ်ဖို့ လိုက်နာသင့်သော အချက်များကတော့ -
● သင့်ကလေးငယ်ကို အခြားသော နာမကျန်းဖြစ်နေသည့် ကလေးများနှင့် အနီးကပ်နေခြင်းမရှိအောင် ထားပါ။ တကယ်လို့ သင့်ကလေး ဖျားနာခြင်း၊ နှာစေးချောင်းဆိုးခြင်း ရှိပါကလည်း အခြားသော ကလေးများနဲ့ အနီးကပ် မနေသင့်ပါ။
● ကလေးကို နမိုးနီးယား ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့။
● တုပ်ကွေးကာကွယ်ဆေးကိုလည်း မဖြစ်မနေ ထိုးထားသင့်ပါတယ်။
● ကလေးရဲ့လက်များကို သူ့နှာခေါင်းနှင့်ပါးစပ်တို့ကို ကိုင်တွယ်ခြင်း မပြုလုပ်ခင် ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောသင့်ပါတယ်။ ထို့ပြင် မသန့်သောအရာများကို ကိုင်တွယ်ပြီးနောက် အပြင်က ပြန်လာပြီးနောက်တွင်လည်း လက်ဆေးပေးပါ။ Hand sanitizer ကိုလည်း အသုံးပြုနိုင်ပါတယ်
● အခြားသောကလေးများနှင့် ပန်းကန်ခွက်ယောက်များ တူတူသုံးခြင်း၊ လက်ကိုင်ပုဝါများ မျှဝေသုံးခြင်း ရှောင်ကြဉ်ပါ။
>> သင့်ကလေးတွင် နမိုးနီးယားရောဂါဖြစ်ပေါ်ပါက ဘယ်လိုစောင့်ရှောက်မလဲ?
● ပထမဦးဆုံးကလေးဆရာဝန်နှင့် အမြန်ဆုံးပြသဖို့ လိုပါတယ်။ ထို့နောက် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးများကို အတိအကျ တိုက်ကျေွးပါ။ ဆေးခန်းပုံမှန်ပြပါ။ စိုးရိမ်ဖွယ်လက္ခဏာများ ရှိပါက ချက်ချင်းဆေးရုံသို့ ပြေးပါ။
● ကလေးကို တစ်နေ့ ၂ ကြိမ် အဖျားတိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီကျော်ပါက ရေပတ်တိုက်ခြင်း ပြုလုပ်ပေးပါ။
● ကလေးကို ရေနဲ့ ဓာတ်ဆားရည် နေ့စဉ်တိုက်ကျွေးပါ။ ကြက်စွပ်ပြုတ်ရည်လည်း တိုက်ကျွေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝခြင်းဖြင့် အဖျား လျင်မြန်စွာကျစေဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။
● ကလေးကို အပြည့်အဝ အနားယူနိုင်ဖို့ ကူညီပေးပါ။ အိပ်ရေးဝဖို့နဲ့ အစာဝင်ဖို့လည်း အရေးကြီးပါတယ်နော်။
● တကယ်လို့ ကလေး အသက်ရှူမြန်ခြင်း၊ အသက်ရှူကျပ်ခြင်းရှိပါက နီးစပ်ရာဆေးရုံသို့ အချိန်မီသွားပါ။
● ကလေးရဲ့ နှုတ်ခမ်းနဲ့အသားများ ပြာလာပါက အောက်ဆီဂျင် နည်းပါးသည့်လက္ခဏာဖြစ်တာမို့ ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့ လိုပါတယ်။
● ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးတိုက်ပြီး အနားယူခိုင်းတာတောင်မှ မသက်သာခြင်း၊ ပိုဆိုးလာခြင်းရှိပါက ဆေးရုံတက်ဖို့ လိုအပ်နေပါပြီ။
နမိုးနီးယားရောဂါဟာ အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်သောရောဂါဖြစ်တာကို မေမေတို့သိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း မိမိကလေးများအား အစာအာဟာရ ပြည့်ဝအောင်ကျွေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထားခြင်း၊ အားဆေးများ နေ့စဉ်တိုက်ခြင်းတို့ဖြင့် ကိုယ်ခံအားကောင်းမွန်အောင် ပြင်ဆင်သင့်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးများကိုလည်း ကြိုတင်ထိုးထားသင့်ပါတယ်။ မိမိကလေးငယ်တွင် နမိုးနီးယား ဖြစ်ပေါ်ပါကလည်း မပေါ့ဆဘဲ ကလေးကို အချိန်ပြည့် စောင့်ကြည့်ပေးဖို့ လိုအပ်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























