/
news/ကလေးများနှင့်ကျန်းမာရေး/မိမိကလေးကိုယ်ခံအား-မနှေးအမြန်-မြှင့်တင်ထား

မိမိကလေးကိုယ်ခံအား မနှေးအမြန် မြှင့်တင်ထား

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေ ကျန်းမာပျော်ရွှင်နေဖို့ဆိုတာ မိဘတွေရဲ့ အကြီးမားဆုံးသော ဆုတောင်းတစ်ခုပါပဲ။ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်နေချိန်မှာ ဖေဖေမေမေတို့ စိတ်အပူဆုံးက ကလေးတွေ ဖျားနာနေမကောင်းဖြစ်မှာကိုပဲ ဖြစ်ပါတယ်။ ကလေးတွေ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းသွားဖို့ဆိုတာ ခဏခဏ နေမကောင်းမဖြစ်ဖို့လည်း လိုအပ်တာပေါ့။ ဒါကြောင့် ကိုယ်ခံအားကောင်းဖို့က အရေးကြီးလာပါတယ်။
ဒီလိုကိုယ်ခံအားကောင်းဖို့ဆိုတာ အချိန်တစ်ခုကြာ ကျန်းမာရေးနဲ့ညီညွတ်စွာ စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုအစာအာဟာရတွေကို စားပေးရမလဲဆိုတာ ပြောပြပေးပါမယ်နော်။

၁။  ဗီတာမင်စီ
ဗီတာမင်စီဟာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပြီး နေထိုင်မကောင်းဖြစ်လာရင်လည်း ဖြစ်ချိန်ကို တိုစေတဲ့ နာမည်ကြီး ဗီတာမင်တစ်မျိုးပါပဲနော်။ ဟင်းနုနွယ်ရွက်၊ ဆလပ်ရွက်၊ ငရုတ်ပွ၊ ဂေါ်ဖီ၊ စတော်ဘယ်ရီ၊ သင်္ဘောသီး စတာတွေမှာ အများကြီး ပါပါတယ်နော်။ ကလေးတွေကြိုက်အောင် အသီးဖျော်ရည်လေးတွေ လုပ်တိုက်ပေးလို့ ရပါတယ်။

၂။  ဗီတာမင်အီး
ဗီတာမင်စီလိုပဲ ဗီတာမင်အီးဟာ ရောဂါပိုးမွှားတွေကို တိုက်ခိုက်ပေးမယ့် အင်တီအောက်စီဒန့်တစ်မျိုးပါပဲ။ ဒီဗီတာမင်ဟာ ကိုယ်ခံအားစနစ် ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အရေးကြီးတဲ့ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ အယ်လ်မွန်စေ့၊ မြေပဲ၊ နေကြာစေ့၊ နေကြာဆီ၊ ပဲဆီ၊ ဟေဇယ်စေ့ စတာတွေကနေ ရရှိနိုင်ပါတယ်။

Dugro IA 1

၃။  ဗီတာမင်အေ
ဗီတာမင်အေကို ငါး၊ အသား၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ကရိုတင်းနွိုက်ပါတဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ အစိမ်းရင့်ရောင် အသီးအရွက်တွေကနေ ရရှိနိုင်ပါတယ်။ တူနာကနေလည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်။ တူနာ၊ မုန်လာဥ၊ ရွှေဖရုံသီးလေးတွေနဲ့ sandwich လေးတွေ လုပ်ကျွေးရင် ကလေးတွေလည်းကြိုက်၊ အာဟာရလည်း ပြည့်ဝစေမှာပါနော်။

၄။  ဗီတာမင်ဒီ
ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတဲ့ အင်အားကောင်းတဲ့ ဗီတာမင်တစ်မျိုးဆိုလည်း မမှားပါဘူး။ နေရောင်ကနေ အဓိကရပြီး အစားအသောက်ကနေဆိုရင် ဆယ်လ်မွန်၊ မက်ကရယ်ငါး၊ တူနာ၊ ဆာဒင်း၊ ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ နို့၊ လိမ္မော်ရည်နဲ့ cereal မနက်စာတွေကနေ ရရှိနိုင်ပါတယ်။

၅။  ဖောလစ်အက်ဆစ်
ဖောလစ်အက်ဆစ်ကို ရရှိဖို့အတွက် ပဲများများကျွေးပေးဖို့လိုပြီး အစိမ်းရင့်ရောင် အသီးအရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

၆။  သံဓာတ်
သံဓာတ်ဟာ ကိုယ်ခန္ဓာမှာ အောက်စီဂျင်ရရှိဖို့ အရေးကြီးပြီး ကိုယ်ခံအားစနစ် အစိတ်အပိုင်းအမျိုးမျိုးအတွက် အရေးပါပါတယ်။ အသားအမျိုးမျိုးဖြစ်တဲ့ ဝက်သား၊ ဆိတ်သား၊ အမဲသား စတဲ့ အနီရောင်အသားတွေ၊ ကြက်သား၊ ကြက်ဆင်သား၊ ဆာဒင်း၊ ခရုကမာ၊ ယောက်သွား၊ တူနာ စတာတွေနဲ့ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက် စတာတွေကနေ သံဓာတ်ကို ကြွယ်ကြွယ်ဝဝ ရရှိနိုင်ပါတယ်။

Dugro IA 2

၇။  ဇင့်ဓာတ်
ကိုယ်ခံအားဆဲလ်အသစ်တွေ တည်ဆောက်ရာမှာ ဇင့်ဓာတ်က အရေးပါပါတယ်။ ဇင့်ဓာတ်ကို အသားတွေမှာ အဓိကတွေ့ရပေမယ့် အသီးအရွက်တွေမှာလည်း ပါပါတယ်။ ခရုကမာ၊ ဂဏန်း၊ အသားများ၊ ပဲအမျိုးမျိုးနဲ့ ဒိန်ချဉ်တို့မှာ အဓိကရရှိနိုင်ပါတယ်။

၈။  အိုမီဂါ 3 fatty acids
DHA, EPA စတဲ့ အိုမီဂါ 3 fatty acid တွေဟာ ဦးနှောက်နဲ့မျက်လုံးအတွက်တင်မကဘဲ ကိုယ်ခံအားစနစ်အတွက်ပါ ကောင်းတယ်လို့ ဆိုပါတယ်။ ဒီအိုမီဂါအက်ဆစ်တွေကို အဆီများငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ မက်ကရယ်၊ ဆာဒင်း၊ တူနာ၊ ငါးသလောက် စတဲ့ ငါးတွေ၊ သစ်ချစေ့၊ ချိုင်ယာစေ့၊ နှမ်းကြတ်စေ့၊ ဖရုံစေ့ စတဲ့ အစေ့အဆံတွေ၊ ကနိုလာဆီ၊ ပဲပိစပ်ဆီ၊ နှမ်းကြတ်ဆီ စတဲ့ဆီတွေကနေ ရရှိနိုင်ပါတယ်နော်။

၉။  အမျှင်ဓာတ်များ
အမျှင်ဓာတ်တွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုနဲ့ အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေကို အားပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကို စားတတ်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်နော်။

ဒီလို ကျန်းမာရေးနဲ့ညီညွတ်အောင် ကျွေးပေးတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ လက်ဆေး၊ နှာချေ ချောင်းဆိုး ပါးစပ်ပိတ် စတဲ့ အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်တာ စတာလေးတွေကိုပါ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှ ကျန်းမာကြံ့ခိုင်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာကြမှာပေ့ါ။

Dr. Mya Phoo Ngon (www.drmyanmar.com)