မိမိတို့ကလေးဟာ ရှက်တတ်တယ်ဆိုရင်...
ကလေးတွေဟာ တစ်ဦးနှင့်တစ်ဦးမတူကြပေ စကားများတဲ့ကလေး၊ နည်းတဲ့ကလေး၊ ရှက်တတ်တဲ့ကလေး စသည်ဖြင့် ကွဲပြားနိုင်ပါတယ်။ ကစားဖော်အပေါင်းအသင်းရှိဖို့၊ ခင်မင်ရင်းနှီးဖို့တွေက ကလေးဘ၀ပုံမှန် ဖွ့ံဖြိုးဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်တာကြောင့် ရှက်ရွံ့နေခြင်းဟာ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်စေဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။ တခါတရံမှာ ဖြစ်တယ်ဆိုရင် ထူးခြားတဲ့အပြုအမူမဟုတ်ပေမယ့် အချိန်တော်တော်ကြာတဲ့အထိ ရှက်ရွံ့ခြင်းမပျောက်ဘူးဆိုရင်တော့ မိမိကလေးငယ်မှာ ပြဿနာတစုံတရာရှိ/မရှိ ဆန်းစစ်ဖို့လိုအပ်လာပါပြီ အောက်ပါအခြေအနေတွေနှင့် ချိန်ထိုးကြည့်ပါ။
- ရွယ်တူကလေးငယ်များနှင့် ဆော့ကစားရန်၊ စကားပြောရန် ရှက်ရွံ့နေခြင်း
- အဖော်မရှိဘဲ တယောက်တည်းဖြစ်နေခြင်း
- တယောက်တည်း နေနေခြင်း
- လှုပ်ရှားမှုများတွင် သူငယ်ချင်းများနှင့်အတူ ပူပေါင်းပါ၀င်မှုမရှိခြင်း
သက်တူရွယ်တူများနှင့် ဆက်ဆံရန်ရှက်ရွံ့နေခြင်းက တခြားကလေးငယ်တွေက သူ့အပေါ်နှစ်သက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ဖြစ်နိုင်သလို အခြားသောကလေးငယ်များရဲ့ အနိုင်ကျင့်စော်ကားခြင်းကိုခံရခြင်း၊ အပစ်ပယ်ခံထားရခြင်း ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အပစ်ပယ်ခံရခြင်းနှင့် အနိုင်ကျင့်စော်ကားခံရခြင်းတို့ ကြာလာတဲ့အခါမှာ ကလေးငယ်ရဲ့ စိတ်ပျော်ရွှင်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုကို ပျက်စီးစေတာကြောင့် မိဘများအနေဖြင့် ကလေးငယ်တစ်ဦးတည်းဖြစ်နေသည်ကို သတိထားမိပါက စိတ်ပညာရှင်များနှင့်တိုင်ပင် ဆွေးနွေးကာ ကလေးငယ်ကိုကူညီရပါမယ်။
ကလေးငယ်ကို အချိန်ပေးပြီးစကားပြောပေးပါ။ သူ့ခံစားမှုရဲ့ အနက်အဓိပ္ပါယ်တွေကို သိအောင်စူးစမ်းပါ။ မိမိကလေးနှင့် ပေါင်းသင်းဆက်ဆံနေသူတွေကို လေ့လာပါ။ တချိန်တည်းမှာပင် သူငယ်ချင်းတွေနဲ့ရောနှောဆက်ဆံလာအောင် ကူညီပေးပါ။ သူငယ်ချင်းများနှင့် အတူတကွအချိန်ဖြုန်းနိုင်အောင် အိမ်သို့ဖိတ်ခေါ်စေကာ ကျွေးမွေးခြင်း၊ ပျော်ပွဲစားထွက်ခြင်း စတာတွေကို ပြုလုပ်ပေးပါ။ မိသားစုအတွင်းမှာလည်း ကလေးငယ်ကိုနွေးနွေးထွေးထွေးဆက်ဆံပေးပါ။ မိသားစုအတွင်း ရင်းရင်းနှီးနှီးနေထိုင်တတ်တဲ့အကျင့်က သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို ရရှိစေပါတယ်။ လူမကြောက်တတ်တဲ့ကလေးဟာ အခြားသော ကလေးငယ်တွေထက်စာရင် တပန်းသာပါတယ်။ အခြားသောလူတွေနဲ့ ထိတွေ့ခြင်းမှတဆင့် အမြင်သစ်တွေ၊ အဲဒီလူတွေမှာရှိတဲ့ ကျွမ်းကျင်မှုတွေကို လေ့လာခွင့်ရတာကြောင့် မိဘများအနေဖြင့် ကလေးငယ်တွေမှာ မလိုအပ်ဘဲရှက်ရွံ့ခြင်းမရှိရလေအောင် ဂရုစိုက်ပေးသင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)