/
news/ကလေးများနှင့်ကျန်းမာရေး/မိမိတို့ရဲ့ကလေးတွေ-စားစရာမဟုတ်တာတွေကို-စားနေပြီဆိုရင်

မိမိတို့ရဲ့ကလေးတွေ စားစရာမဟုတ်တာတွေကို စားနေပြီဆိုရင်

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ အာဟာရတန်ဖိုးမရှိတဲ့၊ စားစရာမဟုတ်တဲ့ အရာဝတ္ထုတွေကို စားသောက်နေသလား။ ဒီလိုမျိုး စားစရာမဟုတ်တဲ့ အရာဝတ္ထုတွေကို အဆတ်မပြတ်စားနေတာ တစ်လကျော်ကြာပြီဆိုရင်တော့ မေမေတို့အနေနဲ့ သတိထားသင့်ပါပြီ။ ဘေဘီလေးတွေမှာ တွေ့ကရာပစ္စည်းတွေကို ပါးစပ်ထဲကောက်ထည့်ပြီး ဝါးစားတတ်ကြတာ သဘာဝဆိုပေမယ့် အသက် (၂) နှစ်ကျော်ကလေးတွေမှာ ဒီလိုပြုမူနေရင်တော့ Pica လို့ခေါ်တဲ့ စားသောက်မှုဆိုင်ရာပြဿနာတစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်နော်။

>>  ဘယ်လိုအရာဝတ္ထုတွေကို စားလေ့ရှိသလဲ?
များသောအားဖြင့်တော့ ပြာမှုန့်၊ မီးသွေး၊ ရွှံ့၊ မြေကြီး၊ စက္ကူ၊ ရေခဲ၊ ဆံပင် စတာတွေကို စားတတ်ကြပြီး မစင်၊ တိရစ္ဆာန်အစာ၊ ဆပ်ပြာ စတာတွေကိုလည်း စားတတ်ကြပါတယ်။

Nutroplex 1

>>  ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်သလဲ?
ပြောရရင် Pica ဆိုတာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ သူကိုယ်တိုင်ကလည်း ရောဂါအကြောင်းရင်းတစ်ခုခုရှိရင် ပြတတ်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ဒါပေမဲ့ ကလေးမှာ Pica ရှိတယ်ဆိုရင် သူစားလိုက်တဲ့ အရာဝတ္ထုပေါ်မူတည်ပြီးတော့ -
●  ပျို့တာ၊ အန်တာ
●  ဝမ်းလျှောတာ
●  ဝမ်းချုပ်တာ
●  ဗိုက်အောင့်တာ
●  နုံးတာ
စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

>>  ဘာကြောင့်ဖြစ်ရတာလဲ?
အတိအကျကြီးတော့ မပြောနိုင်ပေမယ့် -
●  စိတ်ဖိစီးမှုများခြင်း
●  အာဟာရချို့တဲ့ခြင်း (အထူးသဖြင့် သံဓာတ်၊ ဇင့်ဓာတ်ချို့တဲ့ခြင်း)
●  တချို့သောရောဂါများ
●  တချို့သော စိတ်ကျန်းမာရေးအခြေအနေများ
●  တချို့သော ဆေးဝါးများကြောင့် ဖြစ်နိုင်တယ်လို့တော့ ပြောကြပါတယ်။

Nutroplex 2

>>  နောက်ဆက်တွဲ ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ?
ကလေးစားတဲ့ အရာဝတ္ထုပေါ်မူတည်ပြီးတော့ အမျိုးမျိုးသော  နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မိမိတို့ကလေး စားလေ့ရှိတဲ့အရာဟာ ရေခဲဆိုရင်တော့ ကြီးကြီးမားမားပြဿနာ မဖြစ်နိုင်ပေမယ့် မြေကြီးတွေ၊ ရွှံ့တွေကို စားရင်တော့ ကပ်ပါးပိုးမွှားတွေကြောင့် ဝမ်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်လိုမျိုး လုံးထွေးလွယ်တဲ့အရာတွေ၊ အစာခြေဖို့ခက်တဲ့ မာတဲ့အရာတွေကို စားရင်တော့ အူလမ်းကြောင်းပိတ်တာတွေ ဖြစ်လာနိုင်ပြီး မာတဲ့အရာဝတ္ထုတွေကြောင့် သွားတွေလည်း ပျက်စီးနိုင်ပါသေးတယ်။

>>  မိမိတို့ကလေးဟာ စားစရာမဟုတ်တာတွေကို စားသောက်နေပြီဆိုရင် ဘာလုပ်သင့်သလဲ?
ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာမလိုပေမယ့် ကိုယ့်ကလေးဟာ ဘာကိုစားနေတာလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ အန္တရာယ်ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။ မေမေတို့ဘက်က လုပ်ပေးလို့ရတာ တစ်ခုကတော့ ကလေးကို အာဟာရစုံလင်အောင် ကျွေးမွေးပေးဖို့ပါပဲ။ သံဓာတ်ချို့တဲ့တာကလည်း Pica ကို ဖြစ်စေတာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပေးသင့်သလို၊ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဖြည့်စွက်အားဆေးတွေလည်း တိုက်ပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)