မိမိရင်သွေးငယ်တွေမှာ အပြုအမူကောင်းတွေရှိဖို့ ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ
ကလေးရဲ့ အပြုအမူတွေကို လမ်းညွှန်မှုပေးတဲ့နေရာမှာ အကောင်းမြင်ပြီးပြုပြင်ပေးတတ်တဲ့ချဉ်းကပ်နည်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးကို ကိုယ်မကြိုက်တာလုပ်တဲ့အခါမှာ ဆူပူတာထက်စာရင် ကောင်းတာလေးတွေလုပ်တဲ့အခါ ချီးကျူးပေးတာမျိုးကိုဆိုလိုတာပါ။ အကောင်းမြင်တတ်တဲ့ချဉ်းကပ်နည်းလေးတွေ၊ လက်တွေ့ကျင့်သုံးနိုင်စေမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> အပြုအမူကောင်းတွေပျိုးထောင်ပေးဖို့အတွက်အချက်များ <<
1.ကိုယ်ကိုယ်တိုင်က ကလေးရဲ့စံပြမိခင်/ဖခင်တစ်ယောက်ဖြစ်အောင်နေပါ။
မိဘဆိုတာ ကလေးရဲ့လက်ဦးဆရာဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ရဲ့အပြုအမူလေးတွေနဲ့ကလေးကို လမ်းညွှန်မှုပေးပါ။ ကလေးက မိခင်ဖခင်တွေရဲ့အပြုအမူတွေကိုအတုယူတတ်တဲ့အတွက် ကိုယ်ပြောတာကို လိုက်နာတာထက် မိဘကိုယ်တိုင်က ဘယ်လိုနေတယ်ဆိုတာက အရေးပိုကြီးပါတယ်။ ဥပမာ- ကလေးကို ‘ကျေးဇူးတင်ပါတယ်’ လို့ပြောစေချင်ရင် မိဘကိုယ်တိုင်က ဒီစကားကိုပြောပါ။ ကလေးကို အသံကျယ်ကျယ်မပြောစေချင်ရင် မိဘတွေကလည်း အသံတိုးတိုးနဲ့ညင်သာစွာပြောဖို့လိုပါတယ်။
2.ကိုယ်ရဲ့ခံစားချက်ကို ကလေးသိအောင်ပြပါ။
ကလေးရဲ့ အပြုအမူကြောင့် မိဘတွေအနေနဲ့ဘယ်လိုခံစားရတယ်ဆိုတာကို သိအောင်ပြောပြပေးခြင်းဖြင့် ကလေးက မိဘဆီမှာ သူ့ရဲ့ခံစားချက်ကို မြင်သွားနိုင်ပါတယ်။ ဥပမာ - အရမ်းဆူနေတော့ မေမေဖုန်းပြောလို့မရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ် စသည်ဖြင့် ကလေးနားလည်အောင်သေချာပြောပြပါ။
3.ကလေးရဲ့ကောင်းတဲ့အပြုအမူလေးတွေအပေါ်မှာ တုန့်ပြန်ပေးပါ။
ကလေးက ကိုယ်နှစ်သက်တဲ့အပြုအမူလေးတွေလုပ်တယ်ဆိုရင် အကောင်းမြင်တဲ့တုန့်ပြန်မှုပေးပါ။ ဥပမာ- “ကစားစရာပစ္စည်းတွေကို စားပွဲပေါ်မှာသေချာပြန်တင်ထားတယ် တော်လိုက်တာ၊ ဒီလိုလုပ်တာကောင်းတယ်” စသည်ဖြင့် ချီးကျူးစကားပြောပေးပါ။
4.ကလေးနဲ့တသမတ်တည်းဖြစ်အောင်ကြိုးစားပါ။
ကလေးနဲ့နီးကပ်မှုရှိတဲ့အခါမှာ ကလေးရဲ့ခံစားချက်တွေ၊ အတွေးအခေါ်တွေကို သတိပြုမိနိုင်သလို သူ့ရဲ့အပြုအမူအပေါ် မှာ မိဘရဲ့ ပြောကြားချက်တွေကို ကလေးက ပိုပြီးအာရုံစိုက်လာစေနိုင်ပါတယ်။ ဒီလိုကလေးနဲ့နီးကပ်ပြီး အာရုံစိုက်မှုရထားတယ်ဆိုရင် ကလေးကကိုယ့်ကိုယ်ကြည့်အောင်တမင်လုပ်ယူဖို့မလိုပါဘူး။
5.ကလေးပြောတာကို သေချာနားထောင်ပေးပါ။
ကလေးပြောတာကို သေချာခေါင်းညှိတ်ပြီးနားထောင်ပြီး ကလေးရဲ့ခံစားချက်အပေါ်ကိုယ့်ရဲ့ထင်မြင်ချက်ကို ပြန်ပြောပေးပါ။ ဥပမာ- ကလေးက သူ့ရဲ့အတုံးလေးတွေစီထားတာပြုတ်ကျတဲ့အကြောင်းပြောပြတဲ့အခါမှာ သားရဲ့အသံကိုနားထောင်ရတာ တော်တော်ဝမ်းနည်းနေပုံပေါ်တာပဲလို့ ပြောပေးခြင်းက ကလေးကို သူ့ရဲ့စိတ်ဖိစီးမှု၊ ဒေါသထွက်မှုတွေကို ခန့်ခွဲနိုင်ဖိို့အတွက် အထောက်အကူဖြစ်စေပြီး အကောင်းတဲ့အပြုအမူတွေမပြုမူမိအောင်ထိန်းထားစေနိုင်ပါတယ်။ ဒါက သူတို့ကို စိတ်သက်သာရာရစေပြီး အလိုမကျမှုတွေကို ပြေလျော့သွားစေနိုင်ပါတယ်။
6.ကလေးကိုပေးထားတဲ့ ကတိတည်ပါစေ။
ကောင်းတာပဲဖြစ်စေ၊ ဆိုးတာပဲဖြစ်စေ ကလေးကိုပေးထားတဲ့ကတိကို တည်အောင်ထိန်းမယ်ဆိုရင် ကလေးကလည်း မိဘအပေါ် ယုံကြည်မှုနဲ့ လေးစားမှုတွေရှိလာစေပါတယ်။ ကလေးကိုကောင်းတာတစ်ခုခု ကတိပေးပြီးရင်ဘယ်တော့မှ စိတ်မပျက်စေဘူးဆိုတာကို ကလေးက သင်ယူထားပါတယ်။ ဒါကြောင့် အရုပ်တွေပြန်ကောက်ရင် လမ်းလျှောက်ထွက်မယ်လို့ ကတိပေးထားတယ်ဆိုရင် တကယ်ထွက်ပါ။ စာကြည့်တိုက်ထဲမှာ လျှောက်ပြေးနေတာကို မရပ်ဘူးဆိုရင် အခုထွက်မယ်လို့ပြောလိုက်ရင် ချက်ချင်းပဲထွက်ဖို့ပြင်ပါ။
7.ကလေးရဲ့ကောင်းတဲ့အမူအကျင့်တွေကို ဖြစ်စေနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးပါ။
ပတ်ဝန်းကျင်က ကလေးရဲ့အပြုအမူအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကလေးကိုအပြုအမူကောင်းတွေရှိစေဖို့အတွက်ဆိုရင် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ပုံဖော်ပေးဖို့လိုပါတယ်။ ပုံဖော်တယ်ဆိုတဲ့နေရာမှာ ကလေးအတွက်လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်အောင်ထားပေးတာ၊ ကလေးအတွက် အန္တရာယ်မရှိစေမယ့် ကစားစရာလေးတွေထာပေးတာ စတဲ့ရိုးရှင်းတဲ့အချက်လေးတွေပါဝင်ပါတယ်။ ကလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့၊ ထိခိုက်စေနိုင်တဲ့၊ ကွဲရှနိုင်တဲ့အရာတွေကို ကလေးနဲ့လက်လှမ်းမမှီတဲ့နေရာမှာထားပါ။
8.ကလေးကို အရမ်းမကန့်သတ်ပါနဲ့။
ကလေးကို တစ်ခုခုပြောဖို့လိုတဲ့အခါ အထူးသဖြင့် ‘မလုပ်နဲ့၊ ရပ်လိုက်’ စတာတွေပြောတော့မယ်ဆိုရင် ဒီလိုကန့်သတ်ဖို့တကယ်လိုအပ်လားဆိုတာကို ကိုယ့်ဟာကိုယ်သေချာအောင်ပြန်မေးပါ။ အမိန့်ပေးတာတွေ၊ မကောင်းပြောတာတွေကို အတတ်နိုင်ဆုံးနည်းအောင်လုပ်ခြင်းဖြင့် ကလေးနဲ့ရန်ဖြစ်ရတာတွေ၊ မကောင်းတဲ့ခံစားချက်တွေကို လျော့ကျစေပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက အရေးကြီးတယ်ဆိုပေမယ့်လည်း တကယ်ကိုအရေးကြီးပြီး လိုအပ်မှသာသုံးပါ။
9.ကလေးကို အလိုမလိုက်ပါနဲ့။
ကလေးက တစ်ခုခုလိုချင်လို့ အော်ငိုတာနဲ့ ဒါကိုပေးလိုက်မယ်ဆိုရင် ကလေးကိုလိုချင်တာရှိရင် ငိုဖို့မထင်မှတ်ဘဲသင်ကြားမိသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မပေးဘူးလို့ပြောထားရင် ကလေးငိုတာနဲ့ပဲ အလိုမလိုက်ပါနဲ့။
10.ကလေးကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပဲပြောပါ။
ရှင်းလင်းတဲ့ညွှန်ကြားချက်ပေးခြင်းက ကလေးကိုပိုပြီးနားလည်စေပါတယ်။ ဥပမာ- ‘ လမ်းဖြတ်ကူးတဲ့အခါမှာ မေမေ့လက်ကို သေချာကိုင်ထားနော်’။ ကလေးကို အကောင်းမြင်နည်းလမ်းနဲ့လမ်းညွှန်မှုပေးရမှာဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေထားတဲ့အခါမှာလည်း မလုပ်ရလို့ပြောတာထက် အပြုသဘောဆောင်ထားတာက ပိုကောင်းပါတယ်။ ဥပမာ- တံခါးကိုဖွင့်မထားနဲ့ ဆိုတာထက်စာရင် တံခါးကိုပိတ်ထားနော်ဆိုတာက ပိုပြီးကောင်းပါတယ်။
11.ကလေးကို သူ့အရွယ်အရ တာဝန်ယူမှုတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သေချာသိပါစေ။
ကလေးအရွယ်ရလာတာနဲ့အမျှ သူ့ရဲ့အပြုအမူအပေါ် သူ့ဟာသူတာဝန်ယူတတ်အောင် သင်ပေးထားပါ။ ဒီအပြုအမူရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း တွေ့ကြုံနိုင်စေဖို့အတွက် အခွင့်အရေးပေးလိုက်ပါ။ အမြဲတမ်း လူဆိုးတစ်ယောက်လို ပြုမူရမယ်လို့ပြောတာမဟုတ်ပါဘူး။ ဥပမာ- နေ့လည်စာထမင်းဘူးကိုယူသွားဖို့က ကလေးရဲ့တာဝန်ဖြစ်ပြီးမေ့ကျန်ခဲ့ပါက နေ့လည်မှာ ဗိုက်ဆာရတဲ့အကျိုးဆက်ကို ပေးပြီး ခံစားလိုက်ပါ။
တစ်ချို့သော လက်မခံနိုင်တဲ့ (သို့) အန္တရာယ်ရှိတဲ့အကျိုးဆက်တွေကိုတော့ သေချာရှင်းပြပေးပြီး ကလေးနဲ့နားလည်မှုကြိုယူထားတာက အကောင်းဆုံးပါပဲ။
12.တစ်ခါတည်းပဲပြောပါ။
ကလေးကို ဆောင်ရန်ရှောင်ရန်အချက်တွေထပ်ခါထပ်ခါပြောနေမယ်ဆိုရင် နားညီးပြီး လည်ထွက်သွားပါလိမ့်မယ်။ ဒါကြောင့် သူ့ကို လိုက်နာဖို့အတွက် အနည်းဆုံးအခွင့်အရေးတစ်ကြိမ်ပေးပြီး မလိုက်နာခြင်းရဲ့အကျိုးဆက်တွေကိုလည်း သတိပေးထားပါ။ ပြီးရင် ၃ ကနေစပြီးရေတွက်ပါ။
13.ကလေးက သူ့ကိုယ်သူအရေးပါတယ်လို့ခံစားရပါစေ။
ကလေးကို မိသားစုကိုအကူအညီပေးနိုင်တဲ့ ရီုးရှင်းတဲ့ အိမ်အလုပ်လေးတွေ ပေးလုပ်ခြင်းက သူ့ကိုယ်သူအရေးပါတယ်လို့ခံစားရစေနိုင်ပါတယ်။ ကလေးကိုအစပိုင်းမှာထပ်ခါထပ်ခါလေ့ကျင့်စေပြီး အကျင့်ရှိလာတဲ့အခါမှာ ပိုပြီးကောင်းကောင်းလုပ်နိုင်လာကာ ဒီအလုပ်ကို လုပ်ချင်စိတ်ရှိလာစေပါတယ်။ ကလေးရဲ့အပြုမူနဲ့ အားစိုက်မှုတွေကို ချီးကျုးပေးမယ်ဆိုရင် ကလေးက သူ့ကိုယ်သူယုံကြည်မှုတိုးစေပါတယ်။
14.စိန်ခေါ်မှုတွေကြုံတွေ့ရဖို့လည်းပြင်ဆင်ထားပါ။
ကလေးကို ပြုစုစောင့်ရှောက်ဖို့နဲ့ ကိုယ့်ရဲ့အလုပ်တွေကြားမှာ ခက်ခဲတဲ့အချိန်တွေကိုကြုံတွေ့ကြရမှာမလွဲပါဘူး။ ဒီအတွက်စိတ်ထဲမှာ ကြိုတင်တွေးထားမယ်ဆိုရင် ကလေးရဲ့လိုအပ်ချက်တွေအတွက် ကြိုပြီးစီစဉ်ထားနိုင်ပါလိမ့်မယ်။ ကလေးရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်ကြောင်းပြောပြထားခြင်းဖြင့် ကလေးက ကိုယ်လိုချင်တာကို ပြင်ဆင်ထားပေးနိုင်ပါတယ်။
15.ဟာသအမြင်ရှိပါစေ။
ဟာသဉာဏ်ရှိခြင်းက ကလေးနဲ့နေ့စဉ်ဘဝကို ပေါ့ပါးစွာဖြတ်ကျော်နိုင်ပါတယ်။ သီချင်းသံ၊ ဟာသနဲ့ ပျော်စရာတွေကို ဖန်တီးနိုင်ပါတယ်။ နှစ်ယောက်လုံးကို ရယ်မောပျော်ရွှင်စေတဲ့ဟာသတွေက ကောင်းပေမယ့် ကလေးကို ငိုစေတဲ့စိတ်ညစ်စေတာက မကောင်းပါဘူး။ ကလေးငယ်တွေက မိဘတွေရဲ့စနောက်ခြင်းကြောင့် ထိခိုက်နာကျင်မှုကို ခံစားရနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























