မီး သို့မဟုတ် အပူလောင်သောအခါ
သားသားမီးမီးရှိသော အိမ်တိုင်းတွင် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။ ယခုအခါမှာတော့ ကလေးများ မီးအပူ၊ ဆီအပူလောင်ခြင်းများ ဖြစ်ပေါ်တဲ့အခါ အသုံးပြုသင့်သော ရှေးဦးသူနာပြုနည်းလမ်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
>> ကလေးအဝတ်အစားပေါ်တွင် မီးစွဲသောအခါ -
● အလန့်တကြား မပြေးပါနဲ့။
● မြေကြီးပေါ်တွင် ဝပ်ပါ။
● မြေကြီးပေါ်တွင် လှိမ့်ခြင်းဖြင့် မီးတောက်ကို အောက်ဆီဂျင်နဲ့ ထိတွေ့ခြင်းကို တားဆီးပေးနိုင်ပြီး မီးငြိမ်းဖို့ လွယ်ကူစေမှာ ဖြစ်ပါတယ်။
● မြေပြင်ပေါ်လှိမ့်နေစဉ်တွင် စောင်ဖြစ်စေ၊ ကော်ဇော်ဖြစ်စေ တစ်ခုခုနှင့် ပတ်ထားနိုင်ပါတယ်။
● မီး သို့မဟုတ် အပူလောင်သောနေရာပေါ်ကို ရေဖြင့် လောင်းချပါ။
● အရေးပေါ်သို့ အမြန်အကြောင်းကြားပါ သို့မဟုတ် ဆေးရုံ အမြန်ပြေးပါ။
>> အပူလောင်ခြင်းများအတွက် ရှေးဦးသူနာပြုနည်းများ
● စစချင်း သင် အပါအဝင် အပူလောင်သောသူပါ လုံခြုံစိတ်ချရသော နေရာသို့ ရွှေ့ပြောင်းပါ။
● အရေးပေါ်ဌာနသို့ ဖုန်းဖြင့် အကူအညီတောင်းပါ။
● အပူလောင်သောနေရာကို ရေဘုံဘိုင်အောက်တွင် မိနစ် ၂၀ ခန့် ရေဖြင့် ဖြည်းဖြည်းလောင်းချပါ။
● ရေခဲ မကပ်ဖို့ သတိပြုပါ။
● ရေဘုံဘိုင်မရှိသောနေရာတွင် ရေအေးဝတ် ကပ်နိုင်ပါတယ်။ သန့်ရှင်းဖို့တော့ သတိပြုပါ။
● အပူလောင်သော နေရာတစ်ဝိုက်ရှိ အဝတ်အစားနဲ့ လက်ဝတ်ရတနာများကို ချွတ်ပါ။ အပူမလောင်သောနေရာများကို နွေးထွေးအောင် စောင်ဖြင့် ပတ်ထားနိုင်ပါတယ်။
● အပူလောင်သောနေရာဟာ ကွိုင်ပြားတစ်ပြားစာထက်များပါက ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























