/
news/ကလေးများနှင့်ကျန်းမာရေး/မေမေတို့ရေ…ကလေးတွေကို-အသားဓာတ်-အများကြီးကျေွးသင့်သလား

မေမေတို့ရေ….ကလေးတွေကို အသားဓာတ် အများကြီးကျေွးသင့်သလား?

Category
ကလေးများနှင့်ကျန်းမာရေး

          အသားဓာတ်က ခန္ဓာကိုယ် တည်ဆောက်ဖို့အတွက် အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ အသားဓာတ်က ကြွက်သားတွေ တည်ဆောက်ဖို့၊ ဟော်မုန်းထုတ်လုပ်ဖို့၊ အရေပြားနဲ့ အရိုးတွေ သန်မာစေဖို့နဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးဖို့ အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် အသားဓာတ်များများစားရင် ပိုပြီးသန်မာမယ်လို့ ထင်ကြပါတယ်။

          ဒါပေမဲ့ အသားဓာတ်လွန်ကဲစွာ စားသုံးခြင်း အထူးသဖြင့် ပရိုတင်းဓာတ်ပါတဲ့ ဖြည့်စွက်စာတွေက ကျန်းမာရေးအတွက် မလိုအပ်ပါဘူး။ အထူးသဖြင့် ကလေးတွေအတွက်ဆို ပိုမှန်ပါတယ်။ ကလေးတစ်ယောက်ရဲ့ နေ့စဉ်အစားအစာထဲမှာ အသားဓာတ်တွေ များလွန်းရင်လည်း ကြာလာတဲ့အခါမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

>> နေ့စဉ် အသားဓာတ် လိုအပ်မှု ?

          စားသုံးလိုက်တဲ့ ကယ်လိုရီ စုစုပေါင်းရဲ့ 10-30% လောက်က အသားဓာတ်ကနေ ရသင့်ပါတယ်။

          အသက်အရွယ်အလိုက် ပြောရရင်တော့ -

•        ကလေးအသက် 4-9 နှစ် - တစ်နေ့ကို အသားဓာတ် 19 ဂရမ်

•        အသက် 9-13 နှစ် - တစ်နေ့လျှင် အသားဓာတ် 34 ဂရမ်

•        ဆယ်ကျော်သက် - အသက် 14-18 နှစ် - မိန်းကလေး - 46 ဂရမ်၊ ယောကျ်ားလေး - 52 ဂရမ်

          လိုအပ်ပါတယ်။

          ခြုံငုံပြောရရင်တော့ တစ်နေ့ကို နို့နှင့် နို့ထွက်ပစ္စည်းနှစ်ခွက် (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲစသည်) နဲ့ အသား တစ်တုံး (သို့) နှစ်တုံး (အမဲသား၊ ဝက်သား၊ ငါး စသည်) စားရင် တစ်နေ့တာအတွက် လုံလောက်တဲ့ အသားဓာတ် ရရှိပါပြီ။ တခြားပရိုတင်း ဖြည့်စွက်စာတွေ ထပ်ကျေွးမယ်ဆိုရင် တစ်နေ့တာ လိုအပ်ချက်ထက် ကျော်လွန်သွားမှာပါ။

          ပိုပြီးလှုပ်ရှားမှုများတဲ့ ကလေးတွေက အသားဓာတ် ပိုလိုအပ်တယ်ဆိုပြီး အယူအဆမှားတွေ ရှိပါတယ်။ အမှန်တော့ အသက် 18 နှစ်အထက် လက်ရွေးစင် အားကစားသမားတွေလောက်ကပဲ အသားဓာတ် ပိုထပ်ကျေွးဖို့ လိုပါတယ်။

 

>> ပရိုတင်းဖြည့်စွက်စာက ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ?

          ကလေးတွေကို အသားဓာတ် အလွန်အကျွံကျေွးခြင်း၊ ပရိုတင်းဖြည့်စွက်စာတွေ ကျေွးခြင်းက အထောက်အကူ ဖြစ်စေမယ့်အစား အောက်ပါဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

•        ကိုယ်အလေးချိန် တက်လာခြင်း - အသားဓာတ်များခြင်းက ကယ်လိုရီတွေ ပိုစေပါတယ်။ ကလေးက ဒီကယ်လိုရီတွေကို မလောင်ကျွမ်းနိုင်ရင် အဆီအဖြစ်နဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားပါတယ်။

•        ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း - အသားဓာတ်များလွန်းရင် ကျောက်ကပ် ကျောက်ဖြစ်စေပြီး ကျောက်ကပ်ကနေ အညစ်အကြေးတွေ စွန့်ထုတ်နိုင်ဖို့အတွက် အလုပ် ပိုလုပ်ရစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ပျက်စီးပြီး ရေဓာတ် ခန်းခြောက်လာစေပါတယ်။ ဒါ့အပြင် ပိုနေတဲ့အသားဓာတ်တွေကို ချေဖျက်လိုက်တဲ့အခါ အသည်းထဲမှာ နိုင်ထရိုဂျင်တွေ စုပုံလာပြီး ခန္ဓာကိုယ်က အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေ စွန့်ထုတ်မှုကို ခက်ခဲစေပါတယ်။ နိုက်ထရိုဂျင်များခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ် ချေဖျက်မှုကိုလည်း ကျဆင်းသွားစေပါတယ်။

•        ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာဆိုရင်လည်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေပါတယ်။ အစားအစာ တော်တော်များများက ပါဝင်ပစ္စည်း အကုန်လုံးကို ချရေးမထားပါဘူး။ ဒါကြောင့် ကိုယ့်ကလေး ဘာတွေ ဘယ်လောက်စားနေလဲဆိုတာကို သေချာမသိရပါဘူး။ ပရိုတင်းအမှုန့် အတော်များများက ကလေးရဲ့ ခုခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့အရာတွေ ပါဝင်ပါတယ်။

 

>> ဘယ်လိုအချိန်တွေမှာ အသားဓာတ် ထပ်ကျေွးဖို့ လိုအပ်ပါသလဲ?

          ကလေးတွေအတွက် အသားဓာတ် ပိုပြီးလိုအပ်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမဲ့ ပရိုတင်းဖြည့်စွက်စာတွေ၊ အရည်တွေက အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ အသားဓာတ် အပိုလိုအပ်တဲ့ ကလေးတွေကတော့ -

•        ကိုယ်အလေးချိန် မပြည့်သောကလေးများ - ကလေးဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ပရိုတင်းဖြည့်စွက်စာတွေ ကျေွးပါ။

•        အစား ချေးများသောကလေးများ - အသားမကြိုက်တဲ့အပြင် သွားရေစာတွေပဲ စားချင်တဲ့ ချေးများတဲ့ ကလေးတွေဆိုရင်တော့ အခြားကလေးတွေထက် အသားဓာတ်ရရှိမှု နည်းကောင်းနည်းနိုင်ပါတယ်။

•        သတ်သတ်လွတ်စားသူများ - အသားမစားတဲ့ ကလေးတွေမှာ အသားဓာတ်နည်းလေ့ ရှိပါတယ်။ ဒီကလေးတွေက အသားစားတဲ့ ကလေးတွေထက် အသားဓာတ် 10-15% လောက် ပိုစားဖို့ လိုပါတယ်။ မြေပဲထောပတ်၊ ကွေကာအုတ်၊ ပဲ၊ ပြောင်းဖူး၊ ဟင်းနုနယ်ရွက် စတဲ့ အသားဓာတ် ပါဝင်မှုများတဲ့ အသီးအရွက်တွေ စားသင့်ပါတယ်။

•        ဇီဝကမ္မပြဿနာ တစ်ခုခုရှိခြင်း - အသားဓာတ် ဆုံးရှုံးမှုများတဲ့ ရောဂါရှိသူတွေမှာ အသားဓာတ် များများစားဖို့ လိုအပ်ပါတယ်။

          အရေးကြီးတဲ့အချက်ကတော့ ပရိုတင်းဖြည့်စွက်စာတွေထက် တကယ့်အသားတွေက ပိုကောင်းပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)