/
news/ကလေးများနှင့်ကျန်းမာရေး/မေမေတို့သိထားသင့်သော-သာမိုမီတာအသုံးပြုပုံ

မေမေတို့သိထားသင့်သော သာမိုမီတာအသုံးပြုပုံ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုယ်အပူချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အခြေခံလက္ခဏာတစ်ခုကို ဖော်ပြနေပါတယ်။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသပါက အရင်ဆုံး အဖျားတိုင်းကြတာ ဖြစ်ပါတယ်။ မေမေတို့အနေနှင့်လည်း သားသားမီးမီးလေးတွေ ဖျားနာတဲ့အခါမှာ အိမ်မှာ အလွယ်တကူ တိုင်းတာနိုင်ဖို့ သာမိုမီတာအမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

**  ဒစ်ဂျစ်တယ်သာမိုမီတာ
●  သေးငယ်သော်လည်း တိကျသောအဖြေကို ပေးနိုင်ပါတယ်။
အောက်ပါနည်းလမ်းသုံးမျိုးဖြင့် အသုံးပြုနိုင်ပါတယ်။
(က)  လျှာအောက်တွင် ထည့်ထားပြီး ပါးစပ်ကိုပိတ်ထားပြီး တိုင်းခြင်း
(ခ)  ချိုင်းအောက်တွင်ထည့်ပြီး တိုင်းခြင်း
(ဂ)  စအိုထဲထည့်ပြီးတိုင်းခြင်း

**  နားကိုတိုင်းတာသော သာမိုမီတာ
●  နားထဲသို့ထည့်ပြီးတိုင်းသော သာမိုမီတာဖြစ်ပြီး အသုံးပြုရတာ မြန်ဆန်လွယ်ကူပါတယ်။
●  အသက် ၆ လအောက်ကလေးများရဲ့နားဟာ အလွန်သေးငယ်တဲ့အတွက် မှန်ကန်တဲ့အဖြေရဖို့ ခက်ခဲလို့ ၆ လအထက်ကလေးများကိုသာ အသုံးပြုသင့်ပါတယ်။

**  နဖူးကိုတိုင်းသော သာမိုမီတာ
●  Infrared အမျိုးအစားဖြစ်ပြီး နားထင်ရှိသွေးကြောပေါ်တွင်တင်ပြီး အပူချိန်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။
●  နားထင် သို့မဟုတ် နှဖူးပေါ်သို့ တိုင်းတာနိုင်ပါတယ်။

●  အပူချိန် ၉၈.၆ ဒီဂရီထိကို သာမန်ကိုယ်အပူချိန်လို့ သတ်မှတ်ပြီး
●  ၁၀၀.၄ ဒီဂရီကို အဖျားရှိတယ်လို့ သတ်မှတ်ပါတယ်။
သားသားမီးမီးလေးတို့မှာ အဖျားရှိနေပြီဆိုရင်တော့ အိမ်မှာသာ သက်သက်သာသာ အနားယူခိုင်းသင့်ပါတယ်။ အဖျားသက်သာစေသော ဆေးများတိုက်ပေးခြင်း၊ အာဟာရပြည့်ဝအောင် ကျွေးခြင်း၊ အိပ်ရေး၀၀ အိပ်စက်စေခြင်းတို့ကို ပြုလုပ်ပေးပါ။
●  အဖျား ၁၀၂ ဒီဂရီထက်မြင့်ခြင်း၊ ချောင်းဆိုးနှာချေခြင်းစသော အခြားလက္ခဏာများရှိခြင်း၊ ကလေးဟာ ပုံမှန်ထက်မှိန်းခြင်း၊ ဝမ်းပျက်ခြင်းနှင့် အော့အန်ခြင်းတို့ ရှိနေပါက နီးစပ်ရာဆေးခန်းသို့ သွားရောက်ပြသပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)