/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးငယ်တွေအသားဝါတဲ့အခါ

မွေးကင်းစကလေးငယ်တွေအသားဝါတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

လစေ့ပြီးမွေးတဲ့ကလေးတွေရော၊ လမစေ့ဘဲမွေးတဲ့ကလေးတွေမှာပါ မွေးပြီးပြီးချင်း ပထမအပတ်ထဲမှာဆို၇င် အသားဝါတတ်ကြပါတယ်။ ဒါကတော့ သွေးထဲမှာ bilirubin လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်းတစ်မျိုးစုပုံလာလို့ပါ။ ဒီ bilirubin တွေစုပုံလာတဲ့အခါမှာ အရေပြားအောက်က အဆီတစ်သျှူးတွေပေါ်မှာ အနည်လာထိုင်ပြီးတော့ ကလေးရဲ့အသားရောင်နဲ့ မျက်လုံးရောင်တွေကို ဝါလာစေပါတယ်။

>> အသားဝါရခြင်းအကြောင်းအရင်းများ

အကြောင်းအမျိုးမျိုးကြောင့်အသားဝါနိုင်ပါတယ်။

  • • ရောဂါကြောင့်မဟုတ်သောအသားဝါခြင်း - ဒါကတော့ အတွေ့ရအများဆုံးဖြစ်ပြီးတော့ မွေးကင်းစကလေးတွေရဲ့ 50% ကျော်လောက်မှာတွေ့ရပါတယ်။ ဒီမွေးခါစကလေးလေးတွေမှာဆိုရင် အသည်းကကောင်းကောင်းအလုပ်မလုပ်နိုင်သေးတဲ့အတွက် bilirubin ကို ခြေဖျက်တဲ့နေရာမှာလည်းပဲနှေးပါတယ်။ ကလေး အသက် ၂-၃ ရက်လောက်မှာအသားစဝါလာတတ်ပြီးတော့ ၁-၂ ပတ်လောက်နေရင်ပြန်ပျောက်သွားပါတယ်။ အသားဝါတဲ့ဓာတ် bilirubin ပမာဏကလည်း အန္တ ရာယ်ပေးနိုင်တဲ့ပမာဏအထိမတက်ပါဘူး။
  • • မိခင်နို့စို့တာနည်းလို့အသားဝါခြင်း - ဒါကတော့ကလေးကမိခင်နို့ကို စို့သင့်သလောက်မစို့လို့အသားဝါတာပါ။ မွေးကင်းစကလေးငယ်တွေရဲက ၁-၂% လောက်မှာတွေ့ရတတ်ပါတယ်။ အသားဝါပုံကအပေါ်ကတစ်မျိုးနဲ့ဆင်တူပြီးတော့သူကတော့ နည်းနည်းပိုသိသာပါတယ်။ ဒီလိုတွေ့ရရင်တော့ကလေးနို့တိုက်တဲ့နေရာမှာ တစ်ခုခုကူပေးဖို့လိုနေပြီဆိုတာကိုပြပါတယ်။
  • • မိခင်နို့ရည်ကြောင့်အသားဝါခြင်း - ဒါကတော့ မိခင်နို့စို့တဲ့ကလေးငယ်တွေရဲ့ ၁-၂% လောက်မှာတွေ့ရတတ်ပြီးတော့ တစ်ချို့မိခင်တွေမှာ သူတို့ရဲ့နို့ထဲမှာပါဝင်တဲ့အထူးဓာတ်တစ်မျိုးကြောင့်ဖြစ်ရတာပါ။ ဒီဓာတ်ကတော့ ကလေးရဲ့အူကနေပြီးတော့ပုံမှန်စုပ်သင့်တဲ့ပမာဏထက်ပိုပြီးတော့ သွေးထဲကို ပြန်ထုတ်ပေးလို့ပါ။ မိခင်နို့ကြောင့်အသားဝါတာက ကလေးအသက် ၄-၇ ရက်မှာစတွေ့ရတတ်ပြီးတော့ ၃-၁၀ ပတ်လောက်အထိကြာနိုင်ပါတယ်။ အန္တရာယ်တော့မရှိပါဘူး။
  • • သွေးအုပ်စုဓာတ်မတည့်မတည့်ခြင်းကြောင့်အသားဝါခြင်း (Rh, ABO) - တစ်ခါတစ်လေမှာ ကလေးနဲ့အမေရဲ့သွေးအုပ်စုမတူတဲ့အခါ အမေကနေပြီးတော့ ကလေးရဲ့သွေးနီဥတွေကိုဖျက်ဆီးတဲ့ ပဋိပစ္စည်းတွေကိုထုတ်ပေးပါတယ်။ ဒီအခါမှာ ကလေးရဲ့သွေးထဲမှာ bilirubin တွေရုတ်တရက်စုပုံလာပါတယ်။ ဒါကြောင့်အသားဝါတာကတော့ပြင်းထန်ပြီးတော့ ကလေးမွေးပြီးပြီးချင်း ၂၄ နာရီအတွင်းမှာဖြစ်တတ်ပါတယ်။ မျောက်သွေးလို့ခေါ်တဲ့ Rh မတူလို့ဖြစ်တဲ့ အသားဝါတာကတော့ အရင်က အရမ်းပြင်းထန်တယ်လို့သတ်မှတ်ထားပေမယ့် အခုအခါမှာတော့ မွေးပြီး ၇၂ နာရီအတွင်းRhoGAM ကို အမေကိုထိုးပေးထားရင်ကာကွယ်နိုင်ပါတယ်။

>> ကုထုံးများ

ကလေးရဲ့သွေးထဲမှာ အဝါဓာတ်လို့ခေါ်တဲ့ bilirubin တွေအရမ်းများရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးသွေးထဲမှာဒီဓာတ်များများဆိုတာကို ပုံမှန်ဖောက်ကြည့်ပြီးတော့ စစ်ဆေးနေဖို့လိုပါတယ်။ အသားဝါလျော့စေဖို့အတွက် ကလေးကို ၂နာရီ ၃နာရီခြားတစ်ခါ နို့တိုက်ပေးရပါမယ်။ မိခင်နို့ (သို့) နို့ဘူးကိုမကြာခဏတိုက်ပေးနေပေမယ့် bilirubin မကျဘူးဆိုရင် ကလေးဆရာဝန်ပြသဖို့လိုပါတယ်။ အသားဝါတာအတွက်တော့ မီးပြတဲ့ကုထုံးကအသုံးများပါတယ်။ ကလေးရဲ့အသည်းက bilirubin တွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့အထိ မီးပြတဲ့ကုထုံးကို ရက်အနည်းငယ်ပေးထားတတ်ပါတယ်။

>> မီးပြတယ်ဆိုတာဘာလဲ

ရောဂါကြောင့်မဟုတ်ဘဲ ပုံမှန်အတိုင်းဖြစ်တဲ့အသားဝါတာတွေကတော့ အထူးအထွေကုစရာမလိုဘဲ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပျောက်သွားတတ်ပါတယ်။ ကုသမှုခံယူဖို့လိုလားမလိုလားဆိုတာကတော့ ကလေးရဲ့အသားဝါအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းအရင်း၊ အသားဝါတဲ့အချိန်မှာ ကလေးရဲ့အသက်စတဲ့အချက်တွေပေါ်မှာမူတည်ပါတယ်။

အလင်းပြတယ်ဆိုတာကတော့ သွေးထဲက bilirubin တွေကို အလင်းပြပြီးတော့ဖယ်ရှားပေးတာပါ။ အလင်းလှိုင်းတွေကို ကလေးရဲ့အရည်ပြားနဲ့သွေးတွေကနေစုပ်ယူလိုက်ပြီးတော့ သွေးထဲမှာရှိတဲ့ bilirubin တွေကို ခန္ဓာကိုယ်စနစ်တွေကနေပြီးတော့ ထွက်သွားလို့ရတဲ့ပုံစံအဖြစ်ပြောင်းပေးလိုက်ပါတယ်။

>> ကလေးကိုမီးပြတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေရှိသလား

မီးပြထားတဲ့ကလေးတွေမှာ ဝမ်းအရည်တွေသွားလေ့ရှိပါတယ်။ ဒါက ခန္ဓာကိုယ်ကနေ bilirubin တွေကို စွန့်ထုတ်လိုက်လို့ဖြစ်လာတဲ့ပုံမှန်ဖြစ်စဉ်ပါ။ မီးပြတာရပ်လိုက်ပြီဆို၇င် ဝမ်းအရည်သွားတာလည်းရပ်သွားရပါမယ်။ မရပ်ဘူးဆိုရင်တော့ ဆရာဝန်ကိုပြောပါ။

>> BiliBlanket

ခုနောက်ပိုင်းမှာတော့ biliblanket ဆိုတဲ့ အဆင့်မြင့်နည်းတစ်မျိုးပေါ်လာပါပြီ။ ဒါက အဆင့်မြင့်နည်းပညာကိုသုံးထားပြီးတော့ အမြင့်ဆုံးသော အလင်းကုထုံးတွေကိုပေးထားတာပါ။ ဒီလိုအလင်းအမျိုးအစားကို နေရောင်ခြည်မှာလည်းတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ အန္တရာယ်ဖြစ်နိုင်မယ့် ခရမ်းလွန်ရောင်ခြည်တွေကို စစ်ထုတ်ထားပါတယ်။ ဒီ biliblanket ကို ၂၄ နာရီဆက်တိုက်ပေးထားရပြီးတော့ သွေးထဲက bilirubin ပမာဏကို ဖောက်ပြီးစစ်နေဖို့လိုပါတယ်။ ပုံမှန်ပြန်ရောက်သွားပြီဆိုရင်တော့ ကုထုံးရပ်လိုက်လို့ရပါပြီ။

ဒီစောင်နဲ့ထိတွေ့တဲ့ကလေးရဲ့အရေပြားနေရာက bilirubin တွေစပြီးပြိုကွဲတဲ့ပထမဆုံးနေရာဖြစ်ပါတယ်။ ဒါကအန္တရာယ်မရှိဘဲနဲ့ bilirubin တွေအားလုံးပြိုကွဲသွားပြီဆိုရင် ကလေးရဲ့အသားရောင်လည်းပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)















>> BiliBlanket



Dr. Mya Myo Myo Swe (www.drmyanmar.com)