မွေးကင်းစကလေးငယ်တွေ မိခင်နို့နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်သလား
ကလေးတစ်ယောက်က အမေနို့နဲ့ ဓာတ်မတည့်ဘူးဆိုတာမျိုးက ဖြစ်လေ့မရှိပါဘူး။ တစ်ခါတလေ ကလေးမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေ ဖြစ်လာရင် အမေရဲ့အစားအသောက်ပုံစံ ပြောင်းလဲလိုက်ပါက အဆင်ပြေသွားတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အချို့သောရှားပါးတဲ့ရောဂါတွေမှာ ကလေးက မိခင်နို့ကို အစာမခြေနိုင်တာကြောင့် မိခင်နို့ ဆက်တိုက်လို့မရတာတွေလည်း ရှိပါတယ်။
>> မိခင်နို့နှင့် ဓာတ်မတည့်စေသောအရာများ
ကလေးက အမေ စားလိုက်တဲ့ အစားအသောက်ကနေပြီးတော့ နို့ထဲကိုပါသွားတာကို မတည့်တာလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု အဖြစ်များဆုံးအရာကတော့ မိခင်နို့အပါအဝင် နို့နဲ့နို့ထွက်ပစ္စည်းတွေ ဖြစ်ပါတယ်။ နို့မှာပါဝင်တဲ့ casein လို့ခေါ်တဲ့ ပရိုတင်းဓာတ်နဲ အခြားပစ္စည်းအချို့က ကလေး ၂-၃% လောက်မှာ ဓာတ်မတည့်ဖြစ်ပြီး ဗိုက်အောင့်ခြင်း၊ ပါးစပ်နှင့် စအိုတစ်ဝိုက်တွင် အစက်များဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ မိခင်အစားအစာထဲမှာပါဝင်တဲ့ မြေပဲ၊ ပဲနို့ စတဲ့ အစားအစာတွေနဲ့ ဓာတ်တည့်တာလည်း ဖြစ်တတ်ပါတယ်။
>> ဓာတ်မတည့်ခြင်းဖြစ်ရင် ဘာလုပ်ကြမလဲ?
မိခင် စားလိုက်တဲ့ အစားအစာတစ်ခုခုနဲ့ ဓာတ်မတည့်တာဆိုရင် အမေက အဲဒီအစားအစာကို ရှောင်ဖို့လိုပါတယ်၊ နို့ထဲမှာပါတဲ့ ပရိုတင်းဓာတ်နဲ့ ဓာတ်မတည့်တာဆိုရင် နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ထောပတ်နဲ့ အခြားနို့ထွက်ပစ္စည်းတွေနဲ့လည်း မတည့်ပါဘူး။ ကလေးက နွားနို့ထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ မတည့်တာဆိုရင် အမေက နွားနို့မသောက်ဘဲ ရပ်လိုက်ပြီး ၂-၄ ပတ်လောက်မှာ ကလေးရဲ့ ရောဂါလက္ခဏာတွေလည်း ပျောက်သွားပါလိမ့်မယ်။ ကလေး ၆ လအထိ လိုအပ်တဲ့အာဟာရဓာတ်တွေကို မိခင်နို့က ပေးစွမ်းပြီး အရေးကြီးတဲ့အတွက် တကယ်မလိုအပ်ဘဲနဲ့ မိခင်နို့တိုက်တာကို မရပ်လိုက်ပါနဲ့။ ကိုယ့်ကလေးမှာ ဓာတ်မတည့်တာ ရှိတယ်ဆိုရင်လည်း ကလေးအသက် ၆ လကျော်ရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ပြန်စပြီး ကျွေးကြည့်ပါ။ ကလေးအများစုက အသက်ကြီးလာရင် နို့နဲ့ ဓာတ်မတည့်တာ ပျောက်သွားတတ်ပါတယ်။
● Lactose နှင့် ဓာတ်မတည့်ခြင်း
နို့ကို ဓာတ်မတည့်တာနဲ့မှားတတ်တာတစ်ခုက lactose ဆိုတဲ့ ဓာတ်တစ်မျိုးနဲ့ ဓာတ်မတည့်ခြင်းပါ။ ဒါက lactose ကို တိုက်ခိုက်တဲ့ပစ္စည်း ထုတ်ပေးတာ မဟုတ်ပါဘူး။ ကလေးက နို့ကို ကောင်းကောင်းအစာချေဖို့အတွက် လိုအပ်တဲ့ lactase ဆိုတဲ့ ဓာတ်တစ်မျိုး လုံလောက်စွာ မထုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါက ယာယီဖြစ်ရပ်ဖြစ်ပြီး ကလေးကို နို့ဆက်တိုက်နိုင်သလို အမေလည်း နို့ထွက်ပစ္စည်းတွေ ဆက်စားလို့ ရပါတယ်။
မွေးရာပါ Lactose နဲ့ ဓာတ်မတည့်တဲ့ ရှားပါးရောဂါတစ်မျိုးမှာတော့ ကလေးက နို့ကို အစာခြေနိုင်ဖို့အတွက် နို့ထဲကို lactase ဆိုတဲ့ ဓာတ်တစ်မျိုး ပေါင်းထည့်ထားဖို့ လိုပါတယ်။
● Galactosemia
ဒါက ဓာတ်မတည့်ခြင်း အစစ်အမှန် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကလေးက မိခင်နို့ကို လုံးဝလက်မခံနိုင်တဲ့ အခြေအနေတစ်မျိုး ဖြစ်ပါတယ်။ Galactosemia မှာ ကလေးရဲ့အသည်းက galactose ဆိုတဲ့ နို့ထဲမှာပါဝင်တဲ့ သကြားဓာတ်တစ်မျိုးကို မချေဖျက်နိုင်ပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေမှာ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မဖွံ့ဖြိုးနိုင်ခြင်းနဲ့ မွေးပြီးရက်အနည်းငယ်အတွင်း အသားဝါခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီကလေးတွေဟာ ဘယ်နို့ကိုမှ သောက်လို့မရပါဘူး။ သူတို့အတွက် glactose လုံးဝမပါတဲ့ အထူးပြုလုပ်ထားတဲ့ နို့မှုန့်ပဲ တိုက်လို့ရပါတယ်။
Dr. Mya MyoMyoSwe (www.drmyanmar.com)






























