မွေးကင်းစကလေး နို့ဝရဲ့လား?
>> မွေးကင်းစကလေး နို့ဝတာကို ဘယ်လိုသိနိုင်မလဲ?
ဒီအချက်တွေ ရှိတယ်ဆိုရင် ကလေး နို့ဝတယ်လို့ ဆိုနိုင်ပါတယ်။
● ကလေးလေးဟာ တစ်နေ့ကို 6 ကြိမ်မှ 8 ကြိမ်ကြား နို့စို့ခြင်း။
● အမေ နို့တိုက်ရတာ သက်သောင့်သက်သာရှိပြီး ကလေး နို့စစို့ပြီးချိန်မှာ နို့ရော၊ နို့သီးခေါင်းပါ နာတာ၊ ကျင်တာ မရှိခြင်း။
● နို့တိုက်ပြီးချိန်မှာလည်း အမေ့နို့အုံဟာ ပြည့်ကြပ်နေတာ သက်သာသွားပြီး ပျော့ပျောင်းသွားခြင်း။
● နို့သီးခေါင်းဟာ နို့စတိုက်ချိန်ကအတိုင်းပဲ ရှိနေခြင်း။
● ကလေးလေးဟာ နီနီထွေးထွေး အသားအရောင်ရှိပြီး ပါးလေးကို ဖွဖွဆွဲလိမ်ကြည့်တဲ့အခါ တင်းတင်းလေး ရှိနေခြင်း။
● အိပ်ရာက နိုးနေချိန်မှာ ကလေးဟာ နိုးနိုးကြားကြားရှိပြီး နို့တောင်းနေခြင်း။
● မွေးခါစ 48 နာရီအတွင်း သေးခံ နှစ်ထည်၊ သုံးထည်ခန့် လဲပေးရပြီး မွေးပြီး 5 ရက်သား ရောက်တဲ့အခါ တစ်နေ့ကို အနည်းဆုံး သေးခံ 6 ထည်ခန့် လဲပေးရခြင်း။ ဆီးဟာ အဝါဖျော့ဖျော့ဖြစ်ပြီး အနံ့မရှိခြင်း။
● နို့တိုက်တဲ့အခါ ကလေးဟာ နို့သီးခေါင်းကို ကောင်းကောငး်ငုံနိုင်ပြီး အသံကြားရတဲ့အထိတောင် ကောင်းကောင်းစို့နိုင်ခြင်း။
● နို့ဆာတဲ့အခါ နို့တောင်းတတ်ပြီး နို့တိုက်တဲ့အခါ စို့လိုက်၊ နားလိုက် လုပ်တတ်ခြင်း။ နို့ဝသွားတဲ့အချိန်မှာ သူ့အလိုလို နို့ကို လွှတ်လိုက်တတ်ခြင်း။
● မွေးပြီး 5 ရက်မြောက်မှာ ကလေးဝမ်းဟာ အဝါရောင်ဖျော့ဖျော့ ရှိလာခြင်း။
>> ကလေး နို့မဝတာကို ဘယ်လိုသိနိုင်မလဲ?
ကလေး နို့မဝတဲ့အခါ အောက်ပါအချက်တွေကို တွေ့ရတတ်ပါတယ်။
● ကလေး 14 ရက်သား ရောက်လာတဲ့အထိ မွေးခါစပေါင်ချိန်ကို ပြန်မရောက်ခြင်း။
● နို့တိုက်ပြီးချိန်မှာ နု့ိအုံဟာ ပျော့မသွားခြင်း။
● နို့သီးခေါင်းဟာ နို့တိုက်ပြီးချိန်မှာ ချိုင့်ဝင်နေခြင်း၊ နာနေခြင်း။
● နို့တိုက်ပြီးချိန်မှာတောင် ကလေးဟာ ဂနာမငြိမ်ဖြစ်နေခြင်း။
● 5 ရက်သားရောက်တဲ့အထိ သေးခံ 5 ထည်၊ 6 ထည်တောင် မလဲရခြင်း။ 5 ရက်သားထက် ကြီးတဲ့ကလေးတွေမှာလည်း တစ်နေ့ကို 6 ထည်ကနေ 8 ထည်အောက်သာ လဲပေးရခြင်း။
● 5 ရက်သားမှာ တစ်နေ့ကို နှစ်ကြိမ်အောက်သာ ဝမ်းသွားပြီး ဝမ်းဟာ အဝါရောင်ဖျော့ဖျော့မရှိခြင်း။ နောက်ပိုင်းမှာ ကလေးဟာ နေတိုင်း ဝမ်းမသွားတော့ခြင်း။ ဆီးသွားဝမ်းသွား နည်းနေခြင်းဟာ ကလေးမှာ အရည်ဓာတ် နည်းနေတယ်ဆိုတာကို ပြနေပါတယ်။
● ကလေး အသား ပိုဝါလာခြင်း။
● ကလေးဟာ တစ်ချိန်လုံး အိပ်နေတတ်ပြီး နို့တိုက်ဖို့အတွက် နှိုးနှိုးနေရခြင်း။
● ကလေး နို့စို့တဲ့အခါ ပါးကလေး ချိုင့်ချိုင့်သွားပြီး တပြွတ်ပြွတ်အသံ ထွက်နေခြင်း။ ဒါဟာ ကလေး နို့ကို ကောင်းကောင်း မငုံ၊ မစို့နိုင်တာကို ပြသနေပါတယ်။
ဒီလက္ခဏာတွေကို တွေ့နေရတယ်ဆိုရင် သားဖွားဆရာမကိုဖြစ်စေ၊ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ယောက်ကိုဖြစ်စေ တိုင်ပင်ပြသသင့်ပါတယ်။
ကလေးကို နို့ဝအောင် တိုက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ မိခင်နို့တစ်မျိုးတည်းကို တိုက်နိုင်ကြမှာ ဖြစ်တဲ့အတွက် သားဖွားဆရာမ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်ပင်အကူအညီတောင်းဖို့ ဝန်မလေးကြဖို့ တိုက်တွန်းချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























