/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစဘေဘီလေးမှာ-သွေးအားနည်းတာ-ဘယ်လိုသိနိုင်မလဲ

မွေးကင်းစဘေဘီလေးမှာ သွေးအားနည်းတာ ဘယ်လိုသိနိုင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေထဲက သွေးနီဥဟာ အရမ်းအရေးကြီးပါတယ်။ သွေးရဲ့ အရောင်နီနေတာဟာလည်း သူ့ကြောင့် ဖြစ်သလို တစ်ကိုယ်လုံးကဲ့ လိုအပ်တဲ့ အောက်ဆီဂျင်ကိုလည်း သူကပဲ သယ်ပေးပါတယ်။

>>  သွေးအားနည်းတယ်ဆိုတာ ဘာလဲ?
ပုံမှန်ရှိရမယ့် သွေးနီဥပမာဏဟာ -
●  ယောကျ်ားတစ်ယောက်မှာ 13.5 g/dl
●  မိန်းမတစ်ယောက်မှာ 12 g/dl
●  မွေးကာစ ကလေးမှာ 14-24 g/dl
●  ကလေးတစ်ယောက်မှာ 11-16 g/dl ရှိရပါမယ်။
ဒီပမာဏတွေထက် နည်းရင် သွေးအားနည်းနေတာဖြစ်ပြီး များသောအားဖြင့် သံဓာတ်အားနည်းတာကြောင့် ဖြစ်တတ်ပါတယ်။ တကယ်လို့ သွေးနီဥပမာဏ 5 g/dl အောက် နည်းရင်တော့ အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်ပြီး နှလုံးကိုပါ ထိခိုက်နိုင်ပါတယ်။

>>  မွေးကင်းစကလေးတွေမှာ ဘာကြောင့် သွေးအားနည်းတာလဲ?
ကလေးလေးတွေမှာ မွေးမွေးချင်း သွေးနီဥပမာဏဟာ 17 g/dl လောက်ရှိပေမယ့် မွေးပြီး ၃ ပတ်လောက်ကြာရင် 11 g/dl လောက် ဖြစ်သွားပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးကင်းစကလေးတွေ သွေးအားနည်းရတဲ့ အဓိကအကြောင်းရင်းက သွေးနီဥတွေ ဖျက်ဆီးခံရတာများလို့ သို့မဟုတ် သွေးနီဥတွေ ကောင်းကောင်း မထုတ်လုပ်နိုင်လို့ ဖြစ်ပါတယ်။

>>  ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ?
လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ သွေးအားနည်းတာက အရမ်းမဆိုးရင် လက္ခဏာမပြပေမယ့် အရမ်းဆိုးရင်တော့ ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။
●  ဖြူဖျော့တာ
●  အသက်ရှူမြန်တာ
●  အရမ်းဂျီကျတာ
●  အစားကောင်းကောင်းမစားတာ
●  လန်းလန်းဆန်းဆန်း မရှိတာ
●  လျှာ ရောင်တာ
●  လက်သည်း ခြေသည်းလေးတွေ ကျိုးလွယ်တာ
●  မျက်သားက ပြာနေတတ်တာ

>>  ဘယ်လို စစ်ဆေးမလဲ?
အဓိက သွေးစစ်ရပါမယ်။ သွေးနီဥပမာဏ၊ သွေးထဲက သံဓာတ်ပမာဏတွေကို အဓိကထားပြီး အရင်ဆုံးစစ်ရပါမယ်။ သွေးထွက်များလို့ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုရင်တော့ အမေသွေးကိုလည်း စစ်၊ ရင်ဘတ်ဓာတ်မှန်၊ USG ရိုက်တာတွေ လုပ်ပါလိမ့်မယ်။

>>  ဘယ်လိုကုသမလဲ?
သွေးအားနည်းတာ အရမ်းဆိုးရင်တော့ သွေးသွင်းဖို့ လိုပါလိမ့်မယ်။ ကလေးငယ်အနေနဲ့ မိမိဘာသာ သွေးနီဥ လုံလုံလောက်လောက် ထုတ်နိုင်တဲ့အချိန်အထိ သွင်းဖို့ လိုပါလိမ့်မယ်။
သ်ပ်မဆိုးရင်တော့ သံဓာတ်အားဆေး၊ ဖောလိတ်အက်ဆစ်၊ ဗီတာမင်အီး စတာတွေ တိုက်ပါလိမ့်မယ်။ ဖြည့်စွက်စာ စားနိုင်တဲ့အရွယ်ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ ပဲ၊ ဥ၊ စပျစ်သီးခြောက်၊ ဟင်းနုနွယ်၊ ကိုက်လန် စတာတွေ ကျွေးဖို့လိုပါလိမ့်မယ်။ အားဆေးတွေ၊ ဗီတာမင်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ တိုက်သင့်ပါတယ်။

>>  ကုသပြီးရင်ရော ပြန်ကောင်းပါ့မလား။
သွေးအားနည်းရောဂါဟာ လွယ်လွယ်ကူကူ ကုသပျောက်ကင်းနိုင်ပါတယ်။ တချို့ကလေးလေးတွေဆိုရင် လအနည်းငယ်အတွင်းမှာပဲ ပုံမှန်ပြန်ဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖို့လိုပြီး  ပျောက်ကင်းအောင် ကုသဖို့ လိုအပ်ပါတယ်။

Dr. Htar (www.drmyanmar.com)