မွေးရာပါ နှလုံးချို့ယွင်းချက်ရှိခြင်း
နှလုံးမှာ မွေးရာပါချို့ယွင်းချက် ပါလာတာမျိုးကို ကလေး အသက်တစ်နှစ်အောက်မှာ သိတာမျိုးရှိသလို တချို့ဆိုရင် မမွေးခင်ကတည်းက တွေ့တာမျိုးလည်း ရှိပါတယ်။ တချို့ ချို့ယွင်းချက်တွေကျတော့လည်း သိဖို့ခက်တဲ့အတွက်ကြောင့် ကလေးငယ်ဘဝ (သို့) အရွယ်ရောက်တဲ့အထိ မသိတာမျိုးလည်း ရှိတတ်ပါတယ်။
>> ရောဂါရှာဖွေဖော်ထုတ်ခြင်း
ဒီလိုမျိုး မွေးရာပါ နှလုံးချို့ယွင်းချက် ရှိပြီဆိုရင်တော့ ဆရာဝန်ချိန်းတဲ့အတိုင်း မှန်မှန်သွားပြဖို့ လိုပါတယ်။ နှလုံးအထူးကုကမှ လိုအပ်တဲ့စစ်ဆေးမှုတွေ အဆင့်ဆင့်လုပ်ပြီးတော့ နှလုံးပြဿနာကို ဆန်းစစ်ပါလိမ့်မယ်။
ဆရာဝန်နဲ့ စပြီးသွားပြပြီဆိုရင် ရောဂါရာဇဝင်ကို မေးပါလိမ့်မယ်။ ပြီးရင် လိုအပ်တဲ့ ခန္ဓာကိုယ်စစ်ဆေးမှုတွေ လုပ်ပြီးတော့ ECG, ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံး echo ရိုက်ခြင်းတွေ လုပ်ပါလိမ့်မယ်။ လိုအပ်ရင် လိုအပ်သလို သွေးစစ်ရတာမျိုးလည်း ရှိပါတယ်။
ဒါတွေ အားလုံးလုပ်ပြီးပြီဆိုမှ နှလုံးအထူးကုဆရာဝန်က တွေ့ရှိတဲ့အဖြေပေါ် မူတည်ပြီးတော့ ကုသမှုတွေပေး၊ ပြန်ပြဖို့ ရက်ချိန်းပေးပါလိိမ့်မယ်။
တစ်ခါတလေတော့လည်း ပထမဆုံး တစ်ခါစစ်ရုံနဲ့ ရောဂါအကြောင်း လုံလောက်တဲ့ အချက်အလက်တွေ ရချင်မှရတဲ့အတွက် စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုကောင်းလိုပါမယ်။ ဒါတွေကတော့ cardiac catheterization, angiography, MRI, CT, Holter recording, stress testing တွေ လုပ်ဖို့ လိုပါတယ်။
>> ကလေးတွေမှာ ရောဂါရှာဖွေဖော်ထုတ်ခြင်း
ပြင်းထန်တဲ့ နှလုံးပြဿနာတွေက ကလေးမွေးပြီး လအနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် မွေးပြီးပြီးချင်းမှာပဲ ပြာလာတာ၊ သွေးပေါင်တွေ အရမ်းထိုးကျတာတွေ ရှိတတ်ပါတယ်။ အသက်ရှူရ ခက်တာ၊ အစာစားတဲ့နေရာမှာပြဿနာဖြစ်တာ၊ ကိုယ်အလေးချိန် မတက်တာတွေလည်း ဖြစ်တတ်ပါတယ်။
သာမန်ချို့ယွင်းချက်လေးတွေကတော့ လက္ခဏာပြတာ ရှားပြီးတော့ ပုံမှန်ဆေးစစ်တာလေးတွေ လုပ်ရင်းမှ တွေ့တတ်ပါတယ်။ ကလေးတွေရဲ့ နှလုံးကို နားထောင်ကြည့်ရင်ကြားရတဲ့ နှလုံးခုန်သံ မမှန်ခြင်း (murmur) တွေက တချို့ကလေးတွေမှာ ပုံမှန်ဖြစ်ပြီးတော့ တချို့မှာတော့ ချို့ယွင်းချက်ရှိလို့ ဖြစ်နိုင်ပါတယ်။
နှလုံးပြဿနာက သိသာထင်ရှားတယ် ဆိုရင်တော့ ကလေးနှလုံးအထူးကုနဲ့ ပြသပြီးတော့ ကုသတာ အကောင်းဆုံးပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























