မွေးရာပါ နှလုံးရောဂါအကြောင်း သိကောင်းစရာ
မွေးရာပါနှလုံးရောဂါဟာ အရမ်းကို အဖြစ်များပေမယ့် ဘာကြောင့် ဖြစ်တယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာကို ခုထိမသိကြသေးပါဘူး။ ဒါပေမဲ့ များသောအားဖြင့် ခွဲစိတ်တာ ဒါမှမဟုတ် တခြားနည်းလမ်းတစ်ခုခုကို အသုံးပြုပြီး တော့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ လူ တော်တော်များများဟာ မွေးရာပါ နှလုံးရောဂါနဲ့ ပတ်သတ်ပြီး အယူအဆအမှားတွေ ရှိနေတတ်ကြပါတယ်။ ဆိုတော့ သိထားသင့်တဲ့အချက်လေးတွေကို ကြည့်လိုက်ရအောင်။
● မွေးရာပါ နှလုံးရောဂါ ဖြစ်ပွားနှုန်းဟာ ကလေးကင်ဆာ ဖြစ်ပွားနှုန်းထက် အဆ ၆၀ ပိုများပါတယ်။
● မွေးရာပါ နှလုံးရောဂါ မှာ နှလုံးအပေါက်ပါတာ၊ နှလုံးအဆို့ရှင်တွေ မလုံတာ စသည်ဖြင့် အမျိုးမျိုး ရှိတတ်ပါတယ်။
● ၇၅% ကျော်လောက်ကတော့ အသက် ၁ နှစ်ကျော်တဲ့အထိ အသက်ရှင်နိုင်ပြီး ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့မယ် ဆိုရင်တော့ သာမန်လူလိုပဲ သက်တမ်းစေ့ နေသွားနိုင်ပါတယ်။
● မွေးရာပါနှလုံးရောဂါဟာ လူမျိုး၊ အသက်၊ နေထိုင်စားသောက်ပုံတွေနဲ့ မဆိုင်ဘဲ လူတိုင်းဖြစ်နိုင်ပါတယ်။
● မွေးရာပါနှလုံးရောဂါဟာ သေချာပေါက် သေနိုင်တဲ့၊ တစ်သက်လုံး ဒုက္ခိတလို ဖြစ်စေတဲ့ ရောဂါမဟုတ်ပါဘူး။ အချိန်မီ ရောဂါကို ရှာဖွေနိုင်၊ လိုအပ်တဲ့ ကုသမှုတွေ လုပ်နိုင်၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခဲ့မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေသွားနိုင်မှာပါ။
● ရောဂါရှိတဲ့ ကလေး ၅၀ % ကျော်လောက်ကတော့ ဘဝမှာ ခွဲစိတ်မှုတစ်ကြိမ်တော့ လိုအပ်ပါတယ်။
● မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးတွေဟာ တခြားကလေးတွေလို ကိုယ်အလေးချိန် ပုံမှန် မတက်ကြပါဘူး။ ဒါကြောင့် မိဘတွေ၊ ပြုစုပေးတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ မှန်မှန်ပြဖို့ လိုအပ်ပါတယ်။
Htar (www.drmyanmar.com)






























