ရင်သွေးလေးတွေရဲ့ဆက်ဆံရေးတိုးတက်လာစေမယ့် နည်းလမ်းငါးသွယ်
ချစ်စရာကောင်းတဲ့ သားငယ်သမီးငယ်လေးတွေမှာ လူကြောက်တတ်တာတွေ အငိုသန်တာတွေ မဖြစ်ဘဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ကြီးပြင်းလာစေဖို့ ဘယ်လိုထိန်းကျောင်းပြုစုပေးရင် အဆင်ပြေမလဲနော်...
♦ တခြားလူအချီမခံဘဲ ခဏခဏငိုတတ်သူလေးတွေ
သူတို့လေးတွေက တကယ်တော့ သူစိမ်းကိုကြောက်တာရော မိခင်ကို ခင်တွယ်လွန်းတာရော စိတ်ပူ တတ်တာရောကြောင့် သူစိမ်းအချီမခံချင်ကြပါဘူး။ ချီလိုက်လို့ တဗြဲဗြဲအော်ရင် ချက်ချင်းပြန်ခေါ်ပြီး ချော့မြူမယ့်အစား သူလေးကို တဖက်လူက ဆက်ချီထားစေပြီး နံဘေးကနေ မိခင်က သက်သာအောင် ချော့ပေးခြင်း ပွတ်သပ်ပေးခြင်း စကားပြောပေးခြင်းဖြင့် မိသားစုတွေသူငယ်ချင်းမိတ်ဆွေတွေနဲ့ မိမိကလေးကို ရင်းနှီးကျွမ်းဝင်မှုတည်ဆောက်ပေးသင့်ပါတယ်နော်။
♦ တူတူရေဝါး
တူတူရေဝါး.. ဆိုတဲ့ ကစားနည်းလေးဟာ ကလေးတွေကို အင်မတန်စိတ်ပျော်စေပါတယ် တူတူပုန်းလိုက် ပြန်ပေါ်လာလိုက် မကြာခဏဆော့ပေးခြင်းဖြင့် မိခင်ဟာပျောက်သွားရင်လည်း ပြန်ပေါ်လာမှာပဲဆိုတဲ့ ခံစားချက်ကိုလေ့ကျင့်ပေးသလိုဖြစ်တာကြောင့် သူတို့လေးတွေကို စိတ်ဓာတ်လုံခြုံမှု ပိုမိုရရှိစေပါတယ်။
♦ ငိုရင်ချီရမလား
ငိုနေရင် ချီရမလား.. ပစ်ထားရမလား.. ဆိုတဲ့ မိခင်တွေအတွက်ပါ။ ငိုနေရင်ထားလိုက် ကောက်ချီလိုက်ရင် ပိုဆိုးမယ်ဆိုတဲ့ အတွေးအခေါ်ကိုချက်ချင်းစွန့်ပစ်လိုက်ပါ၊ ငိုနေတာဟာ သူလေးအနေနဲ့ စိတ်မလုံခြုံမှု မသက်သာမှု ပူပန်မှုတွေကို ရည်ညွှန်းနေပါတယ်။ မချီဘူးဆိုရင်တောင် ဘေးမှာအတူထိုင်ပွေ့ဖက်နှစ်သိမ့်အားပေးသင့်ပါတယ်။ ချော့ပေးပါနော်။
♦ စကားပြောပေးပါ
ကလေးတွေကို အရေးတယူပြု စကားပြောပေးတာလောက် ကောင်းတဲ့ သင်ကြားမှုမျိုး မရှိတော့ ပါဘူး။ မောင်နှမတွေ အဘိုးအဘွားနဲ့ မိသားစုရဲ့ စကားပြောပေးတာ ပုံပြင်ပြောပြတာ တွေသီချင်းဆိုပေးတာတွေကို မကြာခဏခံယူရလေ ကလေးငယ်ဟာ မိခင်မှတပါး တခြားလူတွေနဲ့ ရင်းနှီးကျွမ်းဝင်တာ ကို ပိုကောင်းအောင်လုပ်နိုင်လေပါပဲ။
♦ မခွဲရက်မခွာရက်မဖြစ်ပါနဲ့
ကလေးငယ်လေးနဲ့ စကားပြောနေရင်း သူ့ကိုခဏထားခဲ့ပြီးဆော့နေပါစေ။ ဝေးဝေးကနေကြည့်နေပါ။ သူလေးအရုပ်နဲ့ဆော့ကောင်းနေတဲ့ အချိန်ပြန်လာပြီး ပွေ့ဖက်ပေးပါ။ မိခင်ဟာပြန်လာမှာပဲ တယောက်တည်းဆော့နေလည်း ဘာမှမဖြစ်ဘူး..ငါ့ဆီငါ့အမေပြန်လာမှာပဲဆိုတဲ့ခံစားချက်ကို ခဏခဏလေ့ကျင့်ပေးပါ။ သူ့ကို အိပ်ရာခွဲသိပ်ပေမယ့် မအိပ်ခင်နဲ့နိုးနိုးချင်းမှာသွားရောက်ထွေးပွေ့နှစ်သိမ့်ပေးပါ။ ယုံကြည်မှုတည်ဆောက်ပေးပါ။
ကလေးငယ်လေးတွေရဲ့ စကားပြောဆိုတာ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတာ ယုံကြည်မှုတွေကို ငယ်ငယ်ရွယ်ရွယ် ကတည်းက အကျင့်လုပ်တည်ဆောက်ပေးခဲ့မယ်ဆိုရင် ကလေးငယ်ဟာ တက်ကြွပျော်ရွှင်ပြီး နှုတ်သွက်တဲ့ကလေးအဖြစ် လူမကြောက်ဘဲ ထက်မြက်သူ လေးတွေအဖြစ်ကြီးပြင်းလာမှာဖြစ်ပါတယ်။ ဖော်ပြပါ နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးပြီးသားသားမီးမီးကို လူမှုဆက်ဆံရေးသင်ပေးကြရအောင်
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























