/
news/ကလေးများနှင့်ကျန်းမာရေး/ရဲရင့်ပြီး-အများနဲ့ပေါင်းသင်းဆက်ဆံရာမှာ-အံဝင်ခွင်ကျဖြစ်စေဖို့

ရဲရင့်ပြီး အများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အံဝင်ခွင်ကျဖြစ်စေဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

Parenting ကို အဓိပ္ပါယ်ဖွင့်တဲ့အခါ ကလေးပြုစုပျိုးထောင်ခြင်းနည်းပညာလို့ အလွယ်ပြောကြပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီလောက်မရိုးရှင်းပါဘူး။

ကလေးကို ကျန်းမာဖွံ့ဖြိုးအောင် ပြုစုစောင့်ရှောက်ဖို့ကလည်း အရေးပါသလို လူ့ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်ဖို့အတွက် ပေါင်းသင်းဆက်ဆံရေးကောင်းအောင်၊ အများနဲ့ အလိုက်သင့် နေထိုင်တတ်အောင်၊ ပြောရဲဆိုရဲရှိအောင် ပျိုးထောင်သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ လူမှုဝတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်စေဖို့ဆိုရင် သိပ္ပံနည်းကျ အကြံပြုထားတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ -

၁။  ကလေးအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် ကူညီပေးပါ။
မိဘတွေက ကိုယ်စားဆုံးဖြတ်ချက်ချပေးမယ့်အစား ကလေးကို ကိုယ်တိုင်ဆုံးဖြတ်စေပါ။

၂။  ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ အိမ်ပတ်ဝန်းကျင်ဖြစ်အောင် တည်ဆောက်ပေးပါ။
မိသားစုဝင်အချင်းချင်း ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုကြပြီး အတူရင်ဆိုင်ဖြေရှင်းကြတာဟာ ကလေးကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Dugro IA 1 (2022)

၃။  လူအများနဲ့ ထိတွေ့စေပါ။
ပုံမှန်ထိတွေ့နေကျ မိသားစုဝင်တွေအပြင် အပြင်လူတွေနဲ့လည်း စကားပြောဆို ဆက်ဆံစေပါ။ တခြားသူတွေအတွက် လုပ်ရတဲ့အလုပ်တွေ၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတဲ့ကိစ္စတွေမှာ ကလေးကို ပါဝင်ခိုင်းပါ။ တခြားသူတွေကို ဂရုစိုက်ပေးခြင်းဖြင့် သူတို့ကိုသူတို့ တမူထူးခြားတယ်ဆိုတာကို သိလာပါလိမ့်မယ်။

၄။  ပြဿနာကို ရင်ဆိုင်ဖို့နည်းလမ်းတွေကို သင်ကြားပေးပါ။
စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းသင့်သလဲဆိုတာကို သင်ကြားပေးပါ။ သင်ကြားပေးတဲ့အခါမှာလည်း အကောင်းမြင်စိတ်ထားပြီး ရင်ဆိုင်တတ်အောင်ပဲ သင်ကြားပေးသင့်ပါတယ်။

၅။  ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို ပြသပေးပါ။
ကလေးအနေနဲ့ ကျောင်းစာမှာဖြစ်စေ၊ အားကစားမှာဖြစ်စေ သူတို့ကိုသူတို့ ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ခံစားရတဲ့အချိန်မှာ ကလေးအပေါ် မေတ္တာအပြည့်ဖြင့်  ပြောဆိုဆက်ဆံပေးပါ။ "သား/သမီးနေရာမှာ ဖေဖေ/မေမေသာဆိုရင်လည်း ဒီလိုခံစားမိမှာပဲ" လို့ ကလေးကို ပြောပြပါ။ ဒါဟာ သူ့အပေါ်မှာ ကိုယ်ချင်းစာနာမိတယ်ဆိုတာကို ပြသလိုက်တာနဲ့ အတူတူပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အမြဲရရှိနေတဲ့ကလေးဟာ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာနာစွာနဲ့ ဆက်ဆံလာပါလိမ့်မယ်။

Dugro IA 1 (2022)

နောက်ဆုံးအနေနဲ့ မိဘတွေ သတိထားသင့်တာကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုရင် ကလေးကိုယ်တိုင်က သူပျော်ရွှင်တဲ့၊ သူစိတ်ဝင်စားတဲ့ ပတ်ဝန်းကျင်မှာပဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးကို ပြုစုပျိုးထောင်တဲ့အခါ ဥယျာဉ်မှူးလိုပဲ ပြုစုပျိုးထောင်ပေးပါ။ လက်သမားဆရာလို မပျိုးထောင်ပါနဲ့။ လက်သမားဆရာဟာ ကိုယ်လိုချင်တဲ့ပုံစံရအောင် ပုံသွင်းတတ်သူပါ။ ဥယျာဉ်မှူးကတော့ ကိုယ်တိုင်ရှင်သန်နိုင်အောင် ဘေးကနေ ကူညီပေးတတ်သူပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင် ကလေးကို တယောပညာရှင် ဖြစ်စေချင်လို့ဆိုပြီး တယောသင်တန်းကို အတင်းတက်ခိုင်းတာဟာ လက်သမားဆရာရဲ့ အပြုအမူပါ။

ကလေးအနေနဲ့ ဘာကိုစိတ်ဝင်စားတယ်ဆိုတာကို သေချာလေ့လာပြီးမှ သူကြိုက်တာကို သင်ယူစေတာဟာ ဥယျာဉ်မှူးရဲ့ အပြုအမူပါ။ ဒါကြောင့် ဖေဖေမေမေတို့က ကလေးကို ဥယျာဉ်မှူးတစ်ယောက်လို ပြုစုပျိုးထောင်ပေးပြီး ကလေးအတွက် စံနမူနာယူထိုက်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ဖို့ကိုလည်း မမေ့ကြပါနဲ့နော်။

www.drmyanmar.com