လက်မစုပ်၊ လက်သည်းကိုက်သူများတွင် ဓာတ်မတည့်မှုဖြစ်စဉ်နည်းကြောင်းတွေ့ရ
ကလေးကျန်းမာရေးစာစောင် (Journal Pediatrics) တွင် ဖော်ပြခဲ့သောလေ့လာမှုတစ်ခုအရ လက်မစုပ်တတ်၊ လက်သည်းကိုက်တတ်သောကလေးများသည် ဓာတ်မတည့်မှုဖြစ်ပွားနိုင်ခြေနည်းကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံတွင်ပြုလုပ်ခဲ့သော လေ့လာမှုတွင် လူ 1,000 ပါဝင်ခဲ့ပြီး ၄င်းတို့အား အသက် 5 နှစ်အရွယ်မှ 32 နှစ်အရွယ်ရောက်သည်အထိ အသက်အရွယ်အပိုင်းအခြားအလိုက်လေ့လာ ခဲ့ခြင်းဖြစ်သည်။ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အလေ့အကျင့်ရှိ/မရှိကို အသက် 5 နှစ်၊ 7 နှစ်၊ 9 နှစ်နှင့် 11 နှစ်အရွယ်များတွင် စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပြီး အသက် 13 နှစ်နှင့် 32 နှစ်အရွယ်ရောက်ချိန်တွင် ဓာတ်မတည့်မှုဖြစ်/မဖြစ် စမ်းသပ်ကြည့်ခဲ့ကြသည်။
ကလေးငယ်များ၏သုံးပုံတစ်ပုံမှာ မကြာခဏလက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အလေ့အထ ရှိခဲ့ကြပြီး ၄င်းကလေးငယ်များမှာ အသက် 13 နှစ်အရွယ်တွင် ဓာတ်မတည့်မှုဖြစ်နိုင်ခြေ သိသာစွာလျော့နည်းကြသည်။ ဖုန်မှုန့်ကမျဉ်းနီကောင် (House Dust Mite) (သို့မဟုတ်) အိမ်မွေးတိရစၧာန်ခွေးများ၊ ကြောင်များကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်ခြေမှာ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အလေ့အထများမရှိသောကလေးများထက် သုံးပုံတစ်ပုံ လျော့နည်းသွားကြောင်းတွေ့ရှိခဲ့ ရသည်။ ၄င်းဓာတ်မတည့်မှုဖြစ်နိုင်ခြေနည်းပါးသွားခြင်းမှာ အရွယ်ရောက်ပြီးသည်အထိဖြစ်ကြောင်း ကိုလည်း တွေ့ရှိခဲ့သည်။ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းကြောင့် ရောဂါပိုးများနှင့်ထိတွေ့ရာမှ ခန္ဓာကိုယ်ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေ၍ဖြစ်နိုင်ကြောင်း ယူဆကြသည်။ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အလေ့အကျင့်များကို အားမပေးသင့်သော်လည်း အဆိုပါအမူအကျင့်များတွင် လည်း ကောင်းကျိုးရှိနိုင်သေးသည်ကို သိရှိရကြောင်း သုတေသနတွင်ပါဝင်ခဲ့သူ ပါမောက္ခ Malcolm Sears ကဆိုသည်။
Dr. Thanda Lin





























