/
news/ကလေးများနှင့်ကျန်းမာရေး/လစေ့တဲ့-ကလေးဆိုတာ

လစေ့တဲ့ ကလေးဆိုတာ

Category
ကလေးများနှင့်ကျန်းမာရေး

         ကိုယ်ဝန်ဆောင်ကာလကို ၉ လလွယ် ၁၀ လ ဖွားဆိုပြီး အလွယ်တကူ ပြောတတ်ကြပေမယ့် ရက်သတ္တပတ် အတိအကျကျတော့ သိပ်ပြီးမသိတတ်ကြတာ များကြတယ်နော်။
●    ကိုယ်ဝန်ဆောင်ကာလဆိုတာ နောက်ဆုံး ရာသီစက်ဝန်း စလာတဲ့ရက်ကနေ ကလေးမွေးရက်ချိန်းရက်ထိ ကြာချိန် ရက်သတ္တပတ် ၄ဝကို ဆိုလိုပါတယ်။
●    ၃၉ ပတ်ကနေ ၄၀ ပတ်နဲ့ ၆ ရက်ကြားမှာ မွေးခဲ့ရင် လပြည့်တဲ့ကလေးလို့ ဆိုနိုင်ပါတယ်။ လွယ်လွယ်ပြောရရင် ကလေးမွေးမယ်လို့ ခန့်မှန်းရက်နဲ့ တစ်ပတ် အလျှော့အတင်းပေါ့။
●    ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ်တိုင်းဟာ ကလေးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးရက်သတ္တပတ်အထိကို ကလေးရဲ့ဦးနှောက်က ဖွံ့ဖြိုးနေဆဲပါ။
●    ဒါကြောင့် ကိုယ်ဝန်က ကောင်းကောင်း ကျန်းကျန်းမာမာ ကြီးထွားနေတယ်ဆိုရင် သူ့ဘာသာသူ ဗိုက်နာပြီး မွေးချင်လာသည်အထိ စောင့်ပေးပါ။

>>    ကိုယ်ဝန်လစေ့တယ်ဆိုတာ -
         ရာသီ နောက်ဆုံးစက်ဝန်း ပထမရက်ကနေ ကလေးမွေးမယ့်ရက်အထိကို ရက်သတ္တပတ်ပေါင်း ၄၀ တစ်နည်း ရက်ပေါင်း ၂၈၀ ကြာမြင့်ပါတယ်။
         လစေ့တဲ့ကိုယ်ဝန်ဆိုတာ ၃၉ ပတ်နဲ့ ၄၀ ပတ် ၆ ရက်ကြားပေါ့။ လစေ့တဲ့ကလေးတွေဟာ ကျန်းမာရေးအကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။
●    စောမွေးတဲ့ကလေး : ၃၇ ပတ်နဲ့ ၃၈ ပတ် ၆ ရက်ကြား မွေးတဲ့ကလေး
●    လစေ့တဲ့ကလေး : ၃၉ ပတ်နဲ့ ၄၀ ပတ် ၆ ရက်ကြား မွေးတဲ့ကလေး
●    နောက်ကျမွေးတဲ့ကလေး : ၄၁ ပတ်နဲ့ ၄၁ ပတ် ၆ ရက်ကြား မွေးတဲ့ကလေး
●    လကျော်မွေးတဲ့ကလေး : ၄၂ ပတ်ကျော်မှ မွေးတဲ့ကလေး
    ဆိုပြီး သတ်မှတ်ထားပါတယ်။

>>    ကိုယ်ဝန်ဆောင် ရက်သတ္တပတ်ကို ဘယ်လိုသတ််မှတ်ထားသလဲ?
         အရင်တုန်းကတော့ ကိုယ်ဝန် ၃၇ ပတ်နဲ့ ၄၂ ပတ်ကြားကို လပြည့်တယ်လို့ ယူဆခဲ့ကြပါတယ်။ ၅ ပတ်တာ ကြားကာလဟာ ကလေးအတွက် မွေးဖို့ အဆင်ပြေတယ်လို့ ထင်ခဲ့ကြတယ်။ ၂၀၁၃ မှာ အမေရိကန် သားဖွားမီးယပ်နဲ့ မိခင်ကလေးစောင်ရှောက်ရေး ဆေးပညာအဖွဲ့အစညး်တွေက လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင် ရက်သတ္တပတ်တိုင်းဟာ ကလေးအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆခဲ့ပြီး အပေါ်မှာပြောခဲ့သလို ကိုယ်ဝန်ဆောင်ကာလကို သတ်မှတ်ထားခဲ့ကြပါတယ်။ ၃၉ ပတ်တိတိ ကိုယ်ဝန်လွယ်ပြီးချိန်မှာ ကလေးရဲ့ကိုယ်ခန္ဓာက ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးနိုင်ပါပြီ။
         ဒီသတ်မှတ်ချက်ကြောင့်မို့ ကလေးလေးတွေဟာ ကျန်းကျန်းမာမာ ကြီးပြင်းနိုင်ပြီး ကျန်းမာရေးဆေးပညာဆိုင်ရာ အကြောင်းရင်းမရှိဘဲ နည်းနည်းစောမွေးတာမျိုးကို ရှောင်ကြဉ်စေနိုင်ပါတယ်။ ဒါကြောင့် စောမွေးဖို့ ဘာအကြောင်းမှမရှိဘဲ ကျနး်မာနေတဲ့ကိုယ်ဝန်ဆိုရင် လပြည့်တဲ့အထိစောင့်ပြီးမှ မွေးကြပါလို့ တိုက်တွန်းလိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)