လေမှတစ်ဆင့် ကူးစက်သော ရောဂါများအကြောင်း
လေမှတစ်ဆင့် ကူးစက်သောရောဂါ ဆိုသည်မှာ ရောဂါရှိသူတစ်ယောက် နှာချေ/ချောင်းဆိုးသောအခါ လေကနေတစ်ဆင့် ရောဂါပိုးများ ပျံ့နှံ့သွားရာကနေတစ်ဆင့် ကူးစက်သောရောဂါများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကလေးငယ်များအနေဖြင့် ရောဂါပိုးများ ပျံ့နှံ့နေသော လေကိုရှူရှိုက်ခြင်း၊ ရောဂါပိုးများပါသော အရာများကို ထိတွေ့မိခြင်းကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။
(၁) တုပ်ကွေး (Flu)
ကျွန်မတို့ပတ်၀န်းကျင်တွင် မကြာခဏအဖြစ်များသည့် တုတ်ကွေးရောဂါမှာ လေမှတစ်ဆင့် ကူးစက်သောရောဂါတစ်မျိုး ဖြစ်ပါတယ်။ Influenza ဗိုင်းရပ်ကြောင့်ဖြစ်ပေါ်ပြီး နှာခေါင်း၊ လည်မိျုနှင့်အဆုတ်များကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါရှိသူနှင့် နီးကပ်စွာနေပါက ထိုသူ ချောင်းဆိုး၊ နှာချေသောအခါ လေကနေတစ်ဆင့် ဗိုင်းရပ်စ်များ ကူးစက်စေမှာမို့ သတိပြုသင့်ပါတယ်။
(၂) ရေကျောက်
တစ်ကိုယ်လုံးတွင် အရည်ကြည်ဖုများ ပေါက်လာပြီး ဖျားနာကိုက်ခဲခြင်း ဖြစ်စေသော ရောဂါဆိုတာ လူတိုင်း သိကြပြီးဖြစ်မှာပါ။ အလွန်ကူးစက်လွယ်သောရောဂါဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ အဖြစ်များပါတယ်။
ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရေကျောက်ပေါက်နေသူနှင့် အနီးအနားတွင် မနေခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
(၃) ၀က်သက်
Rubeola ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားပြီး လေကနေတစ်ဆင့်ကူးစက်စေတတ်ပါတယ်။
>> ရောဂါလက္ခဏာများ
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ မျက်စိနီရဲခြင်း၊ မျက်ရည်ပူကျခြင်း၊ အစား စားလိုစိတ်မရှိခြင်း။
>> နောက်ဆက်တွဲဆိုးကျိုးများ
ပြင်းထန်သော၀က်သက်ရောဂါဖြစ်ပေါ်ပါက နောက်ဆက်တွဲအနေဖြင့် ၀မ်းလျှောခြင်း၊ အန်ခြင်း၊ မျက်စိပိုး၀င်ခြင်း၊ အသက်ရှူခက်ခြင်းနှင့် နားပိုး၀င်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
>> ကာကွယ်နည်း
၀က်သက်ရောဂါကို MMR (measles,mumps and rubella) သုံးမျိုးစပ် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော ကလေးငယ်များတွင် ပိုမိုဖြစ်နိုင်ချေရှိတာမို့ မဖြစ်မနေ ကာကွယ်ဆေး ထိုးသင့်ပါတယ်။
(၄) ကြက်ညှာချောင်းဆိုး
သေစေသည်အထိ ပြင်းထန်သော လေကနေတစ်ဆင့် ကူးစက်ရောဂါဖြစ်ပါတယ်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ငွေ့ငွေ့ဖျားခြင်းတို့ ဖြစ်ပေါ်ပါတယ်။ ချောင်းဆိုးသည့်အခါ အသံ တိမ်၀င်သွားတတ်ပါတယ်။ ပြင်းထန်ပါက အသက်ရှူကျပ်ခြင်းနှင့်အတူ အသက်ပါ သေဆုံးနိုင်ပါတယ်။ မွေးကင်းစကလေးငယ်များတွင် လအလိုက် ထိုးသင့်သော ကာကွယ်ဆေးများတွင် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးလည်း ပါတာမို့ မပျက်မကွက် ထိုးသင့်ပါတယ်။
(၅) ပါးချိတ်ယောင်ရောဂါ
နားအောက်ဘက်ရှိ တံတွေး ထုတ်ပေးသော ဂလင်းနေရာတွင် ယောင်ယမ်းခြင်းကို ပါးချိတ်ယောင်ခြင်းဟု ခေါ်ဆိုပြီး ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ရောဂါရှိသူတစ်ဦး၏ တံတွေး သို့မဟုတ် ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် ထိတွေ့မိခြင်း သို့မဟုတ် ရောဂါရှိသူနှင့် အနီးကပ်နေထိုင်ခြင်းတို့ကြောင့် ကူးစက်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
ကိုယ်လက်ကိုက်ခဲခြင်း၊ တံတွေးမျိုခြင်းနှင့် အစာစားသောအခါ နာကျင်ခြင်း၊ နုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဖျားနာခြင်းနှင့် နားအောက်ဘက်တွင် ယောင်ယမ်းခြင်း။
>> ကုသနည်း
အပြည့်အ၀ အနားယူပါ။ အကိုက်အခဲပျောက်ဆေးများကို ဆရာ၀န် ညွန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။
သင့်အနေနဲ့ လေကနေတစ်ဆင့် ပျံ့နှံ့သောရောဂါများကို အပြည့်အ၀ ကာကွယ်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အိမ်ကို လေ၀င်လေထွက် ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ဖျားနာနေသူနှင့် ေ၀းေ၀းနေခြင်း၊ ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားခြင်း၊ လူထူထပ်သောနေရာများကို ရှောင်ကြဉ်ခြင်း စသည်တို့ဖြင့် လေကနေတစ်ဆင့် ကူးစက်သောရောဂါများကို အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်ပါတယ်။ အရေးအကြီးဆုံးအချက်အနေဖြင့် မိမိရင်သွေးငယ်များကို မွေးစကတည်းက သတ်မှတ်ထားသော ကာကွယ်ဆေးများကို မပျက်မကွက် ထိုးပေးဖို့ လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























