လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိလာမယ့် ဦးနှောက်အတွက် ကောင်းကျိုးများ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိတာကို ဖေဖေမေမေတို့အနေနဲ့ သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် ကလေးတွေရဲ့ ဖွံဖြိုးဆဲ ဦးနှောက်အပေါ်မှာလည်း ကောင်းကျိုးတွေ ရှိပါတယ်။ လမ်းလျှောက်ခြင်းလိုမျိုး အသင့်အတင့် လေ့ကျင့်ခန်းလေးကတောင် ကလေးတွေကို ပိုမိုထက်မြက်စေ၊ ပိုမိုကျန်းမာစေပြီး ပိုမိုပျော်ရွှင်စေပါတယ်။
လေ့လာချက်များအရ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ကလေးတွေဟာ ကျောင်းမှာ အဆင့်ကောင်းတတ်ကြသလို အာရုံစူးစိုက်မှုကောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကိုလည်း တွေ့ရပါတယ်။
>> လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်အပေါ် ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်စေနိုင်သလဲ?
ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံအပြားကို သွေးစီးဆင်းမှုကောင်းစေပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှုကောင်းတဲ့အတွက်ကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -
● တွေးခေါ်နိုင်စွမ်း ပိုမိုကောင်းမွန်လာခြင်း
● ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိခြင်း
● စိတ်ခံစားချက် ကောင်းမွန်ခြင်း
● နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Nutrilin IA 1

>> ဦးနှောက်စွမ်းဆောင်ရည်ကောင်းဖို့ဆိုရင် လေ့ကျင့်ခန်းကို ဘယ်လောက်ထိ ပြင်းပြင်းထန်ထန်လုပ်ပေးဖို့ လိုအပ်သလဲ?
Gym တွေသွားပြီး Trainer တွေနဲ့ ပြင်းပြင်းထန်ထန်လုပ်ဖို့ မလိုပါဘူး။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ သာမန်လေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့တင် လုံလောက်ပါတယ်။
>> တစ်နေ့ကို ဘယ်လောက်ကြာကြာ လေ့ကျင့်ခန်း လုပ်ပေးသင့်သလဲ?
Centre of Disease Control and Prevention (CDC) ရဲ့ ညွှန်ကြားချက်အရ အသက် ၆-၁၈ နှစ်ကြား ကလေးတွေဟာ တစ်နေ့ကို တစ်နာရီခန့် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။
Nutrilin IA 2

>> ကလေးတွေ ပုံမှန်လေ့ကျင့်ခန်းလုပ်အောင် ဘယ်လိုဆောင်ရွက်ပေးသင့်သလဲ?
● တစ်နေကုန် ငြိမ်ငြိမ်ထိုင်မနေစေဘဲ လှုပ်လှုပ်ရှားရှား နေခိုင်းပါ။
● ကျောင်းက ပြန်လာတာနဲ့ အိမ်စာတွေကို တန်းမလုပ်ခိုင်းဘဲ နာရီဝက်လောက် လမ်းလျှောက်တာ၊ အကြောလျှော့တာမျိုး လုပ်ခိုင်းပါ။
● ညစာစားပြီးရင်လည်း ဆိုဖာပေါ်ထိုင်ပြီး တီဗွီကြည့်တာမျိုးမလုပ်ဘဲ မိသားစုလိုက် လမ်းလျှောက်ပါ။
● ပိတ်ရက်တွေမှာ တစ်မိသားစုလုံး အပြင်ထွက်လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအပေါ် များစွာအထောက်အကူပြုတာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းကို သူတို့လေးတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်းပြုလုပ်ဖို့ အရေးကြီးပါတယ်။ မိမိတို့ကလေးတွေကို လေ့ကျင့်ခန်း များများလုပ်စေချင်ရင်တော့ ဖေဖေမေမေတို့ ကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းများများလုပ်ပြီး ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်ပေးဖို့ မမေ့ကြပါနဲ့နော်။
Dr. Aye Hsu Mon (www.drmyanmar.com)






























