လျှပ်စစ်ဓာတ်သုံးပစ္စည်းတွေက ကလေးဦးနှောက်အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိသလဲ
TV က ညှို့ယူမှုအားကောင်းတဲ့ အလင်းပြန်တတ်သောအရာတစ်ခုဖြစ်တဲ့အတွက် ကလေးတွေက TV ကြည့်တဲ့အခါမှာ စူးစိုက်ကြည့်နေပြီး ခေါင်းတော်တော်နဲ့ပြန်မလှည့်တာကို သတိထားမိကြမှာပါ။
ကလေးငယ်တွေက ဖန်သားပြင်ပေါ်ကို စိတ်ဝင်တစားကြည့်နေတဲ့အတွက် အခြားဘာမှမလုပ်တော့ဘဲ ရှိနေပါတယ်။ မြှူရင်လည်းလှည့်မကြည့်တော့ပါဘူး။
လျှပ်စစ်သုံးကစားစရာတွေကလည်း အတူတူပါပဲ။ ပုံစံ၊ အသံတွေနဲ့ စွဲဆောင်မှုအားကောင်းတဲ့အတွက် ကလေးက ရိုးရိုးသာမာန်အရုပ်တွေကို စိတ်မဝင်စားတော့ပါဘူး။ လေ့လာမှုတွေအရ ကလေးတွေက တီဗွီဖန်သားပြင်ကိုပဲ ကြည့်နေတဲ့အချိန်တွေနဲ့ လျှပ်စစ်အရုပ်တွေနဲ့ဆော့ကစားနေတဲ့အချိန်တွေမှာ အခြားသာမာန်အရုပ်တွေနဲ့ဆော့သလောက် များများမလေ့လာနိုင်ပါဘူး။
ဒီလျှပ်စစ်ကစားစရာတွေက ကလေးတွေနဲ့မိဘတွေအကြား ဆက်သွယ်မှုတွေကိုလည်းပြောင်းလဲ သွားစေပါတယ်။ ဥပမာ တစ်ခါတစ်လေ အရုပ်တွေက ကလေးတွေကိုထိန်းကြောင်းပြီးတော့ မိဘတွေက မြှူဖို့တောင်မလိုတော့ပါဘူး။
နောက်ဆုံးထွက်ရှိတဲ့ လမ်းညွှန်ချက်အရ အသက် 2 နှစ်အောက်ကလေးတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဘာသာစကား၊ လှုပ်ရှားမှု၊ စိတ်ခံစားမှု စတဲ့အရည်အသွေးတွေဖွံ့ဖြိုးဖို့အတွက် ကိုယ်တိုင်လေ့လာစူးစမ်းမှုနဲ့ ပတ်ဝန်းကျင်ရှိလူတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေ ရရှိဖို့လိုအပ်ပါတယ်။ ဒါတွေကို လျှပ်စစ်မီဒီယာတွေကနေ မရနိုင်ပါဘူး။
ဒါ့အပြင် လျှပ်စစ်ပစ္စည်းတွေကိုလိုတာထက်ပိုပြီးထိတွေ့မှုများရင် ကလေးတွေအတွက် အခြားဖွံ့ဖြိုးမှု၊ ကျန်းမာရေးပြဿနာတွေအများအပြား ကြုံတွေ့ရနိုင်ပါတယ်။ ကလေးတွေအတွက် လျှပ်စစ်ပစ္စည်းအားလုံးက မကောင်းဘူးလို့ မဆိုလိုပါဘူး။ မိဘတွေအနေနဲ့ ကလေးတွေကို ဒီလျှပ်စစ်ပစ္စည်းတွေနဲ့ထိတွေ့မှုကို ကောင်းမွန်စွာထိန်းချုပ်သွားနိုင်ဖို့ သိထားဖို့လိုပါတယ်။
မိဘတွေသိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- ဆောင်ရန်
1. ဗီဒီယိုဖြင့် စကားပြောခြင်း - ကလေးတွေ Skype, Viber စတဲ့ ဗီဒီယိုနဲ့ စကားပြောလို့ရပါတယ်။
2. အချိန်ကန့်သတ်ထားပါ - အသက် 2-5 နှစ်ကလေးတွေအတွက် လျှပ်စစ်ပစ္စည်းအသုံးပြုချိန် တစ်ခါကြည့်လျှင် မိနစ် 30 ထက်မပိုသင့်ပါဘူး။ တစ်နေ့လျှင် 1 နာရီထက် မပိုရပါဘူး။
3. ပညာပေးအစီအစဉ်တွေနဲ့ သတင်းအချက်အလက်ဖလှယ်မှုရှိတဲ့ အစီအစဉ်တွေကိုရွေးချယ်ပါ။
4. ကလေးတွေးချိန်ရပြီး တုန့်ပြန်မှုပေးနိုင်တဲ့ အရှိန်နှေးတဲ့ ကစားစရာ (သို့) ကစားနည်းကိုရွေးချယ်ပါ။
- ရှောင်ရန်
1. အဓိပ္ပာယ်မရှိတဲ့တီဗွီအစီအစဉ်တွေကို ရှောင်ကြဉ်ပါ။ တုန့်ပြန်မှုမရှိ၊ သင်ယူစရာမရှိဘဲ တီဗွီက အဆိုးရွားဆုံး မီဒီယာဖြစ်ပါတယ်။
2. အသက် 2 နှစ်အောက်ကလေးတွေကို အလင်းပြန်တဲ့ဖန်သားပြင်တွေ မကြည့်ပါစေနဲ့။
3. ညဘက်မှာ မအိပ်မီ အနည်းဆုံး 1 နာရီအလိုမှာ ဖန်သားပြင်တွေကိုပိတ်ထားပါ။
- အားလပ်ရက်များတွင်ပြုလုပ်သင့်သောအရာများ
1. နည်းပညာတွေနဲ့ဝေးဝေးနေပါ
မိသားစုအားလုံးအတူ ပျော်ရွှင်နိုင်မယ့်နည်းတွေကိုရှာပါ။ လျှပ်စစ်ပစ္စည်းတွေသုံးချင်တယ်ဆိုရင် မိသားစုအတူကြည့်နိုင်မယ့် ရုပ်ရှင်တစ်ကားအတူကြည့်ပါ။
2. စာအုပ်များဝယ်ပါ
စက္ကူနဲ့စာအုပ်ပဲဖြစ်ဖြစ်၊ electronic စာအုပ်ပဲဖြစ်ဖြစ်ရပါတယ်။ ကလေးတွေနဲ့အတူ စာအုပ်ဖတ်ပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို ဆွေးနွေးပါ။
3. အတွေ့အကြုံတွေကိုအာရုံစိုက်ထားပါ
ဘာအရုပ်ဝယ်ရမလဲလို့ စိတ်ဝင်စားနေမယ့်အစား မိသားစုနဲ့အတူကစားနိုင်တဲ့ ကစားနည်းတွေ အပေါ်မှာအာရုံစိုက်ပါ။ ဒါတွေက မိသားစုအချင်းချင်းပိုမိုရင်းနှီးနွေးထွေးမှုရစေပြီး အမှတ်တရတွေကို ဖန်တီးပေးပါလိမ့်မယ်။
4. အလိုမလိုက်သင့်တာကို အလိုမလိုက်ပါနဲ့
ကလေးကနောက်ဆုံးပေါ် လျှပ်စစ်ကစားစရာအရုပ် (သို့) tablet မရလို့ စိတ်ကောက်မှာ စိတ်ဆိုးမှာကို မပူပါနဲ့။
Dr. Mya Myo Myo Swe






























