/
news/ကလေးများနှင့်ကျန်းမာရေး/လှုပ်ရှားသွက်လက်ကျန်းမာတဲ့-ကလေးဖြစ်အောင်-ဘယ်လိုပျိုးထောင်ပေးကြမလဲ

လှုပ်ရှားသွက်လက်ကျန်းမာတဲ့ ကလေးဖြစ်အောင် ဘယ်လိုပျိုးထောင်ပေးကြမလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

       လှုပ်လှုပ်ရှားရှား ပြေးလွှားဆော့ကစားတဲ့ ကလေးတွေဟာ ပိုမိုကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာကြပါတယ်တဲ့။

•        သွက်လက်ကျန်းမာတဲ့ ကလေးလေး ဖြစ်စေချင်လား?

•        ထုံထိုင်းနှေးကွေးတဲ့ကလေး ဖြစ်စေချင်လား?

          မိမိရဲ့ ရွေးချယ်မှုပါပဲတဲ့။ မိဘတိုင်းရဲ့ ဘယ်လိုထိန်းကျောင်း ပျိုးထောင်မယ်ဆိုတဲ့ အသိပညာဟာ မိမိကလေး ဘယ်လိုကြီးပြင်းလာမယ်ဆိုတဲ့ အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။

•        နေ့စဉ် ဆယ်မိနစ်ခန့် သူ့ကို ပြေးလွှားဆော့ပါစေ။ ခြံထဲမှာ၊ အိမ်ထဲမှာ စိတ်အေးချမ်းသာ လွတ်လွတ်လပ်လပ် နေခွင့်ရ၊ ဆော့ခွင့်ရလေ ပိုမိုသွက်လက် ကျန်းမာလာလေပါပဲ။

•        အရုပ်ကလေးတွေနဲ့ ငြိမ်ထိုင်ပြီး ဆော့နေတာ ကြာတဲ့အခါ သတိထားကြည့်ပြီး ကစားစရာ အပြားလေးတွေ တံတိုင်းလေးတွေ တိုင်လေးတွေကို ညီညီညာညာ စီစဉ်ပေးပြီး သူ့ကို ခြေထောက်လေးနဲ့ လက်ကလေးတွေနဲ့ ကန်ပြီး ဖျက်စေတာ ဘောလုံးလေး လှိမ့်ပေးလိုက်ပြီး လိုက်ကန်စေတာ သူ့ကို မုန့်သွားယူစေတာတွေ လုပ်ခြင်းဖြင့် ကြာကြာ အညောင်းမိတာကနေ ကာကွယ်နိုင်ပါတယ်။ နောက်ပြီး များများဆော့လေ ကောင်းကောင်းအိပ်လေပါပဲတဲ့။

•        တီဗီတွေ၊ ကွန်ပျုတာတွေ ဂိမ်းတွေက ကလေးတွေကို ငြိမ်နေစေလို့ မိဘများက သဘောကျကြပါတယ်။ ဒါပေမဲ့ ဒါကကောင်းတဲ့ အလားအလာ တော့ မဟုတ်ပြန်ပါဘူး။ လှုပ်ရှားနည်းပြီး ဖန်သားပြင်ကို တစ်ချိန်လုံ းကြည့်နေတဲ့ကလေးတွေဟာ အဝလွန်တာ ဉာဏ်ရည်နှေးကွေးတာ စိတ်မငြိမ်တာ ဒေါသကြီးတာ မျက်စိထိခိုက်တာတွေ ကြုံတွေ့နိုင်ပါတယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။ ဒါကြောင့် တီဗီ၊ ဂိမ်း၊ ကွန်ပျူတာ၊ တက်ဘလက်ကြည့်ချိန်ကို ကန့်သတ်ပေးပါ။ အသက် 2 နှစ်အောက်တွေဆို လုံးဝပေးမကြည့်သင့်ပါဘူး။ သူလေးရဲ့ အမြင်အာရုံရယ် သဘာဝအတိုင်း လှုပ်ရှားသွက်လက်နိုင်စွမ်းကို ထိခိုက်သွားစေတာမို့ သဘာဝကျကျ ဆော့ကစားခြင်းနဲ့သာ ကလေးတွေကို ကြီးပြင်းလာပါစေ။

          သွက်လက်ထက်မြက်ပြီး ဉာဏ်ရည်ရွှင်လန်းလာစေဖို့ သားသားမီးမီးတွေကို လှုပ်လှုပ်ရှားရှား ဆော့ကစားခွင့်ပေးခြင်းဖြင့် ကျန်းမာလှပ ကလေးများဘဝကို ရှေ့ဆောင်ဖန်တီးပေးကြရအောင်လား ... မေမေ ဖေဖေတို့ရေ ...

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)








