သင့်ကလေးငယ်ကို ချစ်ခြင်းမေတ္တာ ပေးမှာလား ... စိတ်ဒဏ်ရာတွေ ပေးမှာလား ...
သင့်ရဲ့ သားသားမီးမီးလေးဟာ အရင်ကထက် ပိုဂျီကျနေလို့ စိတ်ညစ်နေပါသလား။ ဒါမှမဟုတ် ကလေးက မှိုင်တွေနေတာမျိုး၊ သီးခြားခွဲထွက်နေခြင်း ရှိနေတာမျိုးကော ရှိပါသလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်ကလေးငယ်ကို အချိန်ပိုပေးပြီး ဂရုစိုက်ဖို့ လိုနေပါပြီ။
ကလေးငယ်လေးတွေရဲ့ စိတ်ဟာ ပန်းလေးတွေလို နုနယ်လှပါတယ်။ ကလေးတွေမှာလည်း လူကြီးတွေနည်းတူ စိတ်ဖိစီးမှုခံစားရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာရခြင်းအစရှိသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရတတ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို ရုပ်ပိုင်းသာမက စိတ်ပိုင်းကိုပါ အလေးထားပြုစုပေးဖို့ လိုအပ်ပြီး ကလေးငယ်ရဲ့ စိတ်ခံစားမှုကို မျက်ခြည်မပြတ် အကဲခတ်ပေးဖို့ မမေ့သင့်ပါဘူး။
ငယ်စဉ်ကတည်းက မိဘတွေရဲ့ ရန်ပွဲကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေ၊ အနိုင်ကျင့်ခံရတဲ့ ကလေးတွေ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံခဲ့ရတဲ့ ကလေးတွေ၊ လူကြီးတွေရဲ့ ရိုက်နှက်ခြင်းခံခဲ့ရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဟာ ဆိုးရွားတဲ့သက်ရောက်မှုများစွာ ရှိနိုင်ပါတယ်။
ကလေးဘ၀မှာ ကြုံကြိုက်ခဲ့ရတဲ့ အတွေ့အကြုံဆိုးတွေကြောင့် ကြီးပြင်းလာတဲ့အခါ စိတ်မလုံခြုံမှု၊ သိမ်ငယ်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဆေးပညာအရ Post-traumatic stress disorder(PTSD) စိတ်ဒဏ်ရာကြောင့် စိ်တ်ဖိစီးမှုရရှိခြင်းလို့ ခေါ်ပါတယ်။ PTSD ရှိတဲ့ ကလေးတွေမှာ တခြားကလေးငယ်တွေနဲ့ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ လက္ခဏလေးတွေ ရှိတတ်ပါတယ်။
>> လက္ခဏာတွေကတော့ -
(၁) အလွန်ဆူညံ ဂျီကျခြင်း
ကလေးငယ်အနေနဲ့ ဂျီကျခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဆတ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ လန့်လန့်နိုးခြင်းစတဲ့ စိတ်အလိုမကျသည့် လက္ခဏာများ ရှိနေတတ်ပါတယ်။ PTSD ရှိတဲ့ ကလေးတွေအနေနဲ့ မိမိကိုယ်ကို အလိုမကျတတ်ဘဲ စိတ်ရှုပ်ထွေးနေတတ်သလို ကြီးပြင်းလာသည်နှင့်အမျှ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း မပြေလည်မှုများ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို ကလေးငယ်တွေကို နှစ်သိမ့်ပေးခြင်း၊ နွေးထွေးစွာ ဆက်ဆံခြင်းတို့ကို အချိန်ပေးပြီး ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၂) ရှောင်ရှားခြင်း
PTSD ရဲ့ နောက်ထပ်လက္ခဏာတစ်ခုပါ။ ကလေးငယ်ဟာ သူ့ကို စိတ်ဒဏ်ရာရစေသော အဖြစ်အပျက်များကို ပြန်မတွေးမိစေဖို့ ရှောင်ရှားတတ်ပါတယ်။ ဒီအရာတွေကို ပြန်သတိရစေမယ့်လူများ၊ နေရာများ၊ အဖြစ်အပျက်များ စသည်တို့ကို ရှောင်ရှားပါတယ်။ တချို့ကိစ္စတွေမှာ ဒီလိုရှောင်ရှားလိုက်တာက စိတ်သက်သာရာ ရစေပေမယ့်လည်း ဆိုးဝါးလာရင် စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။
(၃) ပြန်သတိရခြင်း
ကလေးငယ်အနေဖြင့် သူ့ကို စိတ်ဖိစီးမှု သို့မဟုတ် စိတ်ဒဏ်ရာရခဲ့သော အဖြစ်အပျက်များကို ပြန်သတိရသွားသည့် အချိန်များမှာ လက်ရှိ ကိုယ်ရှိနေသော ပတ်၀န်းကျင်ကို သတိမေ့သွားပြီး ငေးငိုင်နေတတ်ပါတယ်။ စိတ်ဒဏ်ရာရခဲ့သော နေရာ သို့မဟုတ် တိုက်ဆိုင်မှု တစ်ခုခုရှိတိုင်း ထိုသို့ ငေးငိုင်တတ်ပြီး စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။
(၄) အာရုံစူးစိုက်ရ ခက်ခဲခြင်း
PTSD ရှိတဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ စိုးရိမ်ပူပန်မှုများခြင်း၊ ညအိပ်မပျော်ခြင်းတို့ကနေ သတိမေ့ခြင်း၊ အာရုံစူးစိုက်မရခြင်းစတဲ့ ပြဿနာများအထိ ကြုံတွေ့ရပါတယ်။ ဒါဟာ စာသင်ကြားရာမှာ အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ကလေးငယ်တွေကို သီးသန့်နည်းလမ်းတွေသုံးပြီး စာသင်ကြားခြင်း ပြုလုပ်ရပါတယ်။
(၅) စိတ်ဓာတ်ကျခြင်း၊ ၀မ်းနည်းအားငယ်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားရခြင်း
PTSD နဲ့ စိတ်ဓာတ်ကျခြင်းဟာ ခွဲခြားမရပါဘူး။ PTSD ကိုဖြစ်စေတဲ့အကြောင်းရင်းများက စိတ်ဓာတ်ကျခြင်းကိုလည်း ဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာ PTSD ကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကြောင့်လည်း စိတ်ဓာတ်ကျစေတတ်ပါတယ်။ ဒီလို စိတ်ကျရောဂါ ခံစားနေရသော ကလေးငယ်တွေဟာ မိသားစု/သူငယ်ချင်းများနှင့် ကင်းကွာနေတတ်ပါတယ်။ ပျော်ရွှင်ခြင်း၊ စိတ်ကျေနပ်ခြင်း စသော ကောင်းမွန်သည့် စိတ်ခံစားချက်များနှင့် ကင်းကွာနေကြပါတယ်။
>> စိတ်ဒဏ်ရာရခြင်းရဲ့ အခြားလက္ခဏာတွေကတော့ -
● အိမ်မက်ဆိုးများမက်ခြင်း
● ချစ်ခင်သူများနှင့် ခွဲရမှာကြောက်ခြင်း
● လက်မစုပ်ခြင်း
● မူမှန်မဟုတ်သော အပြုအမူများ စသည်တို့ ဖြစ်ပါတယ်။
PTSD ရနေသော ကလေးငယ်ကို မကုသဘဲထားပါက အချိန်ကြာတာနှင့်အမျှ စဉ်းစားတွေးခေါ်မှုနှင့် ဆက်စပ်တွေးခေါ်နိုင်သော စွမ်းရည်များကို ကျဆင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိသားသမီးကို အလေးထား စောင့်ကြည့်ဖို့ လိုအပ်ပြီး စောစီးစွာ ကုသပေးဖို့ အရေးကြီးလှပါတယ်။ ကလေးငယ်အနေနဲ့ မိသားစုက မိမိအပေါ် နွေးထွေးစွာ ဆက်ဆံသည်ဟု ခံစားရပါက PTSD ခံစားရဖို့ အလားအလာနည်းကြောင်း မိဘများ သတိပြုသင့်ပါတယ်။ ဒါကြောင့် မိမိကလေးငယ်များအပေါ် အလေးမထားခြင်း၊ စိတ်မရှည်ခြင်း၊ စိတ်ဒဏ်ရာပေးမိခြင်းများ ရှိနေပါက ယနေ့ကစပြီး ပြောင်းလဲလိုက်ပါ။ မေတ္တာဖြင့် ပျိုးထောင်ပြီး နွေးထွေးကြင်နာစွာ ဆက်ဆံပေးပါ။
ပွင့်သောပန်းများ လန်းဆန်းဖို့အတွက် မိဘနဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာဖြင့် ပျိုးထောင်ပေးသင့်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး - ၂) (www.drmyanmar.com)
(Unicode)
>> လက်ခဏာတှကေတော့ -
>> စိတျဒဏျရာရခွငျးရဲ့ အခွားလက်ခဏာတှကေတော့ -






























