/
news/ကလေးများနှင့်ကျန်းမာရေး/သင်-သိထားသင့်သော-မေးခိုင်ရောဂါ

သင် သိထားသင့်သော မေးခိုင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

      မေးခိုင်ရောဂါ (Tetanus) ဆိုတာ ကြွက်သားများနဲ့ အာရုံကြောများကို ပျက်စီးစေသော ပြင်းထန်သည့် ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပါတယ်။
      မေးစေ့နဲ့လည်ပင်း ကြွက်သားများ တောင့်တင်းရာကနေ အသက်ရှူခက်ခဲခြင်း၊ နှလုံးကြွက်သား လုပ်ဆောင်မှုပျက်ပြားခြင်းတို့ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
      ယခုအခါ မေးခိုင်ကာကွယ်ဆေးကို မွေးကတည်းက မဖြစ်မနေ ထိုးခြင်းကြောင့် မေးခိုင်ရောဂါ ရှားပါးလာပြီ ဖြစ်ပါတယ်။ သို့သော် စိုက်ပျိုးရေးလုပ်သားများနဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့နေရသော လုပ်သားများတွင် အဖြစ်များတတ်ပါတယ်။
      အရေပြားပေါ်ရှိ ဒဏ်ရာ၊ ခွဲကြောင်း၊ ပိုးကိုက်ရာ၊ သွားပိုးဝင်ခြင်းနဲ့ အကြောကတစ်ဆင့် မူးယစ်ဆေး ထိုးသွင်းခြင်းများကနေတစ်ဆင့် မေးခိုင်ဖြစ်စေသော ဘက်တီးရီးယားဝင်ရောက်ခြင်း ဖြစ်ပါတယ်။
      မေးခိုင်ဖြစ်စေသော ဘက်တီးရီးယားကို ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ နေရာတိုင်းတွင် တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖုန်၊မြေကြီး စသည်တို့တွင် ရှိတတ်ပါတယ်။
      မေးခိုင်လက္ခဏာတွေအနေနဲ့ မေးစေ့ကြွက်သား တောင့်တင်းရာကနေ စတင်ပါတယ်။ ထို့နောက် လည်ပင်းတောင့်ခြင်း၊ အစာမျိုချလို့မရခြင်းနဲ့ တစ်ကိုယ်လုံးရှိ ကြွက်သားများ နာကျင်တောင့်တင်းခြင်း၊ ကြွက်တက်ခြင်း၊ ချွေးထွက်ခြင်းနဲ့ အဖျားဝင်ခြင်းတို့ ဖြစ်ပေါ်လာမှာပါ။
      မေးခိုင်ပိုးဝင်ပြီး ၃ ရက်မှ ၃ ပတ်အတွင်း လက္ခဏာတွေ စတင်ပြသပါပြီ။
      မေးခိုင်ပိုးဝင်ရာကနေ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အသက်ရှူခက်ခဲစေခြင်း၊ အရိုးများနဲ့ ကျောရိုးဆစ်များ ကျိုးပဲ့ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကိုမာဖြစ်ခြင်း၊ အဆုတ်သွေးကြောများခဲခြင်းနဲ့ နမိုးနီးယားတို့ကို ဖြစ်စေနိုင်ပါတယ်။ အသက်သေနိုင်နှုန်းက ၁၀-၂ဝ ရာနှုန်းထိ ရှိပါတယ်။
      ပထမတစ်ကြိမ် မေးခိုင်ပိုးဝင်ဖူးသူတွေမှာလည်း နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်တတ်တာမို့ သတိထားသင့်ပါတယ်။
      မေးခိုင်ရောဂါကိုကာကွယ်ဖို့ DTP vaccine ဟုခေါ်သော (ဆုံဆို့နာ-မေးခိုင်-ကြက်ညှာချောင်းဆိုး) သုံးမျိုးစပ်ကာကွယ်ဆေးကို ထိုးပေးရမှာ ဖြစ်ပါတယ်။ မွေးကင်းစကနေ အသက် ၅ နှစ်မတိုင်မီထိ DTP vaccine ၃ ကြိမ် ထိုးပေးဖို့ လိုပါတယ်။
      မေးခိုင်ရောဂါကို ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်တာကြောင့် ကလေးရှိသော မိဘများအနေဖြင့်လည်း မိမိတို့ရင်သွေးငယ်များကို ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)