သားပိုက်ကောင်မေမေ - မွေးကင်းစသားသားမီးမီးနဲ့ သံယောဇဉ်နှောင်ဖွဲ့ဖို့
ကလေးတစ်ယောက်မွေးပြီဆိုတာနဲ့ ဖေဖေသစ်၊ မေမေသစ်တို့ရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲပြီပေါ့။ ဒီလိုပြောင်းလဲမှုကြီး သာယာချောမွေ့ပြီး ကလေးလေးနဲ့ သံယောဇဉ်နှောင်ဖွဲ့ဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတာ ပြောပြပေးပါ့မယ်နော်။
မွေးကင်းစကလေးတွေဟာ သားပိုက်ကောင်ပိုက်နည်းလို့ခေါ်တဲ့ သားပိုက်ကောင်မေမေက ကလေးလေးကို အိတ်ကလေးထဲ ထည့်ထားတဲ့နည်းလမ်းကို ကျင့်သုံးခဲ့ရင် ကလေးလေးအတွက်ရော၊ မေမေ၊ ဖေဖေတို့အတွက်ပါ အကျိုးရှိပါတယ်။ နည်းလမ်းကလညး် အလွယ်ကလေးပါ။ သေးခံကလွဲလို့ ကလေးကို တုံးလုံးကလေးထားပြီး မေမေ ဖေဖေတို့ရဲ့ ရင်ဘတ်ဗလာပေါ်မှာ အပ်ထားပြီး တစ်ခုခုခြုံထားပေးလိုက်ပါ။
ဒီသားပိုက်ကောင်ပိုက်နည်းလမ်းကို ၁၉၇၀ တွင်းမှာ ကိုကွန်ဘီယာနိုင်ငံမှာ လမစေ့တဲ့ ကလေးငယ်များ သေဆုံးနှုန်းကို ကျဆင်းစေဖို့ စတင်ကျင့်သုံးခဲ့ပါတယ်။ အခုခတေ်မှာတော့ ဆရာဝန်၊ ဆရာမ အတော်များများဟာ လမပြည့်တဲ့ကလေးတွေရော၊ ပြည့်တဲ့ကလေးတွေကိုပါ ဒီနည်းလမ်းကို ကျင့်သုံးစေပါတယ်။
ဒီသားပိုက်ကောင်ပိုက်နည်းကို နည်းမှန်လမ်းမှန် ဘယ်လိုကျင့်သုံးမလဲဆိုတာကို ပြောပြပေးပါ့မယ်။
အရင်ဆုံး သားပိုက်ကောင်ပိုက်နည်းက ကလေးအတွက် ဘာတွေကောင်းသလဲဆိုတာ ပြောပြမယ်နော်။
ကလေးလေးဟာ မေမေ့ဗိုက်ထဲကနေ ပြင်ပကမ္ဘာကို တိးုထွက်လာရတာ မလွယ်ပါဘူး။ ဒီလို မေမေ့ဝမ်းဗိုက် နွေးနွေးလေးကနေ အေးစက်စက် ဟာလာဟင်းလင်းပြင်ပကမ်ဘာကို အကူးအပြောင်းလွယ်ကူစေဖို့ သားပိုက်ကောင်ပိုက်နည်းက ဖန်တီးပေးပါတယ်။
>> သားပိုက်ကောင်ပိုက်နည်းဟာ -
၁။ မွေးကင်းစကလေးလေးကို ငြိမ်သက်စေပါတယ်။
အထူးသဖြင့် လမပြည့် ပေါင်မပြည့် လမစေ့တဲ့ကလေးလေးတွေပေါ့။ ဒီကလေးတွေမှာ သားပိုက်ကောင်ပိုက်နည်းကို ကျင့်သုံးပေးခြင်းဖြင့် သွေးတွင်းအောက်စီဂျင်ဓာတ်ပမာဏကို ကောင်းစေပြီး နှလုံးနဲ့အသက်ရှူနှုန်းတို့ကို ငြိမ်သက်မှန်ကန်စေနိုင်ပါတယ်။
၂။ ကလေးကို အိပ်ပျော်စေနိုင်ပါတယ်။
သားပိုက်ကောင်ပိုက်ပိုက်ထားခြင်းဖြင့် အမေ့ဝမ်းဗိုက်ခေါင်းထဲမှာအတိုင်း နွေးထွေးမှုကို ခံစားရတာကြောင့် ကလေးအတွက် စိတ်သက်သာရာရစေပါတယ်။ ကလေးအများစုဟာ မေမေ၊ ဖေဖေ့ရင်ခွင်ပေါ်တင်ပြီး မိနစ်ပိုင်းလောက်မှာတင် အိပ်ပျော်သွားတတ်ပါတယ်။
၃။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်အလေးချိန်ကို တိုးတက်စေနိုင်ပါတယ်။
အသားချင်း ထိတွေ့မှုကြောင့် ကလေးရဲ့ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်အပူချိန်ကို ထိန်းညှိဖို့ စွမ်းအင်အများကြီး မသုံးရတော့တဲ့အခါ စွမ်းအင်အများစုကို ကြီးထွားဖွံ့ဖြိုးဖို့ ပိုအသုံးပြုလာနိုင်ပါတယ်။
၄။ ကလေးနို့တိုက်ရာမှာလည်း ပိုအဆင်ပြေလာပါတယ်။
ကလေးကို အမေ့ဝမ်းဗိုက်ပေါ်တင်ထားတဲ့အခါ ကလေးဟာ ရှေ့ကိုတိုးပြီး မေမေ့ချိုချိုကို လိုက်ရှာပါတော့တယ်။ ဒါကြောင့်လည်း ကလေး နို့တိုက်ရတာ ပိုအဆင်ပြေ လွယ်ကူလာပါတယ်။ နို့ထွက်နှုန်းကိုလည်း ပိုများလာစေပါတယ်။
မေမေ၊ ဖေဖေတို့အတွက်လည်း ဒီနည်းက အကျိုးကျေးဇူးရှိတယ်နော်။
သားပိုက်ကောင်ပိုက်နည်းဟာ ကလေးအတွက်သာ အကျိုးရှိတာ မဟုတ်ပါဘူး။
ကလေး နို့တိုက်တဲ့နည်းတူ သားပိုက်ကောင်ပိုက်နည်းကလည်း အောက်စီတိုစင်ဟော်မုန်း အထွက်နှုန်းကို တိုးစေတာကြောင့် မေမေ့ကို နေထိုင်ကောင်းစေနိုင်ပါတယ်။
ဒါ့အပြင် သားပိုက်ကောင်ပိုက်နည်းကြောင့် ကလေးနဲ့ မေမေ၊ ဖေဖေတို့ကြား နှောင်တွယ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။
>> သားပိုက်ကောင်ပိုက်နည်းကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ -
သားပိုက်ကောင်ပိုက်နည်းဟာ အလင်းရောင် စူးစူးကြီးတွေမရှိတဲ့ ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မျိုးမှာ ပိုပြီးအလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မီးတွေမှိတ်၊ အေးဆေးငြိမ်သက်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ သားပိုက်ကောင်ပိုက်နည်းကတော့ -
● အဝတ်အစားတွေ၊ ဘရာအတွင်းခံတွေကို ချွတ်ပြီးတော့ ရှေ့ကြယ်သီးတပ် အကျႌတစ်ထည် ဝတ်လိုက်ပါ။
● ကလေးကို သေးခံနဲ့ ဦးထုပ်ကလေးပဲ ဆောင်းပေးပြီး အမေ့ရင်ခွင်ပေါ် မှောက်လျက် ကလေးတင်လိုက်ပါ။
● ကလေးကို စောင်နဲ့ဖြစ်စေ၊ အကျႌနဲ့ဖြစ်စေ ဖုံးလွှမ်းထားလိုက်ပါ။
● ကလေးကို ဒီသားပိုက်ကောင်ပိုက်နည်းနဲ့ တစ်နာရီလောက်စီ တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ်လောက် ပိုက်ထွေးပေးပါ။
ဒီလိုသားပိုက်ကောင်ပိုက် ပိုက်ထွေးပေးခြင်းဖြင့် ကလေးနဲ့အမေကြားမှာ နားလည်မှုတွေ ပေါက်ဖွားလာမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























