သားသားမီးမီးကို ယုံကြည်မှု ပျိုးထောင်ပေးဖို့ ဒီလိုလေးတွေ လေ့ကျင့်ပေးရအောင် ...
" ငါသားလေး / သမီးလေးက သိပ်တော်တာပဲ ... အရမ်းလုပ်တတ်တာပဲ ... " လို့ မကြာခဏ တဖွဖွ ချီးကျူးချင်ကြသူ၊ ဂုဏ်ယူချင်ကြသူ မေမေ၊ ဖေဖေတို့အတွက် အရေးပါတဲ့ အကြံပြုချက်လေးတွေကတော့ ဒီမှာပါ။
● သူတို့ဘာသာ လုပ်ပါစေ။ ဘာမဆို ဝင်မကူညီပါနဲ့၊ အချိန်ပေးပါ။ သူတို့ဘာသာ လုပ်တတ်ကိုင်တတ်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ။ ပြဿနာတွေကို ကိုယ်တိုင်ရှင်းပါစေ။ သူတို့အရုပ်တွေကို သူတို့ဘာသာ သိမ်းပါစေ။
● ချီးကျူးတာက ယုံကြည်မှုအတွက် အရေးပါပေမယ့် အလွန်အကျွံ ချီးကျူးတာကတော့ သားသမီးကို ဖျက်ဆီးသလိုပါပဲတဲ့။ လုံးဝစင်းလုံးချော အပြစ်ကင်းတစ်ယောက်အဖြစ် မိမိကိုယ်ကို ခံယူသွားပြီး အချိန်တိုင်းမှာ စင်းလုံးချောဖို့ အတင်းကြိုးစားနေတော့မယ်။ မဖြစ်လာရင် လိမ်လည်တော့မယ်။ ဒီတော့ ဖြစ်သင့်သလောက် အမှန်တရားအတိုင်း အတိုင်းအတာနဲ့ ချီးကျူးပါ။ သူလေးရဲ့ အောင်မြင်မှုတွေ အဆင်ပြေမှုတွေမှာ အတိုင်းအဆရှိကြောင်း သိရှိနားလည်ပါစေ။
● သားသားမီးမီး မလုပ်ဖူးတဲ့ အသစ်တစ်ခုခု လုပ်ခွင့်ပေးကြည့်ပါ။ ဥပမာအနေနဲ့ ကျွန်မအသိ မေမေတစ်ယောက်ရဲ့ ပြဿနာတစ်ခုအပေါ် ထိန်းကျောင်းပုံကို ပြောပြပါမယ်။ ရေကရားကို ကိုင် ... မနိုင်မနင်းမပြီး ငှဲ့ချပြီးတဲ့နောက် ရေကရားရော၊ ရေခွက်ရော ပြုတ်ကျသွားတဲ့သားသားကို သူ့မေမေက ဒီတိုင်းကြည့်နေခဲ့ပါတယ်။ ပြေးပြီးသွားသိမ်းပေးတာမျိုး၊ အော်ငေါက်လိုက်တာမျိုး လုံး၀မလုပ်ဘဲ ဒီအတိုင်း လှမ်းပဲ ကြည့်နေခဲ့ပါတယ်။ သားသားက ခပ်တည်တည်နဲ့ သူ့အဒေါ်ကိုလှမ်းခေါ် သူ့အဒေါ်က ရေခွက်ကိုသိမ်း သူလေးက နီးရာအဝတ်လေးယူပြီး ကြမ်းပေါ်ကရေတွေကို သူ့ဘာသာ စသုတ်သင်ပါတော့သတဲ့။ ဒီလိုမျိုး သူ့ပြဿနာကို သူ့ဘာသာ ရှင်းခိုင်းကြည့်ပါလား။
● အဝတ်အစား၊ အစားအစာတွေကစလို့ သူ့ဘာသာ ရွေးချယ်ပါစေလား။ ဆောင်းတွင်းအေးရင် အနွေးထည် ဝတ်ရမယ်။ မိုးအေးရင် မိုးကာယူဖို့ မမေ့ရဘူး။ အကျႌပေရင် ကိုယ့်ဘာသာ လဲလှယ်ရမယ်။ ဒါမျိုးလေးတွေပေါ့။
● သူလေးကို ကိုယ်နဲ့အတူတူ အတူသန့်ရှင်းရေး လုပ်ခိုင်းပါ။ အိမ်အလုပ် နိုင်သလောက် ကူပါစေ။
● သူ စိတ်ဝင်စားရာ သန်ရာကို အားပေးပါ။ ဘောလုံးကန်တာကစလို့ ဂိမ်းကစားတာအဆုံး သူ စိတ်ကျေနပ်ရာကို လှိုက်လှိုက်လှဲလှဲ အထိန်းအကွပ်လေးနဲ့ အားပေးကြည့်ပါဦး။
● စာမေးပွဲကျတာတွေ စာမကျက်နိုင်တာ ဒဏ်ပေးခံရတာတွေကို သူ့ဘာသာ ကျော်လွှားပါစေ။ ဘေးကနေ အသာစောင့်ကြည့်ပါ။ သူလေး သေချာပေါက် လုပ်နိုင်ပါတယ်။
● မိခင်၊ ဖခင်က သူ့ကိုချစ်တဲ့အချစ်က အတိုင်းအဆမဲ့ ကျယ်ပြန့်ကြောင်း ထူးခြားကြောင်း မကြာခဏ ပြောပြသဘောပေါက်ပါစေ။
● သူလေးကစပြီး လူကြီးအပြုအမူတွေ အမူအကျင့်တွေလုပ်တဲ့အခါ ဘေးကနေ ညင်သာစွာ အကြံပြုဆွေးနွေးပါ။ နေ့စဉ် စာဖတ်တဲ့သားသားမီးမီးကို ချီးကျူးဂုဏ်ပြုပါ။ သူလေး ချမှတ်တဲ့ ရည်မှန်းချက်ကိုရောက်ဖို့ နီးကပ်နေကြောင်း ပြောပြပါ။
● သင့်တော်လျော်ပတ်တဲ့ ချီးကျူးဂုဏ်ပြုမှုကို ကလေးငယ်တိုင်း လိုအပ်ပါတယ်။ ဘာကြောင့် ချီးကျူးတယ်ဆိုတာ သူလေး သတိပြု နားလည်ပါစေ။ တိုတောင်းသလောက် ထိရောက်တဲ့ ချီးကျူးစကားတစ်ခွန်းဟာ ကလေးငယ်ရဲ့ မိမိကိုယ်ကို ယုံကြည်မှု အားကောင်းလာဖို့ အလွန်တာသွားပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























