သားသားမီးမီးတို့အတွက် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များ
ကလေးတွေမှာ ဗီတာမင်တွေချို့တဲ့မသွားအောင် အထူးဂရုပြုပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်ဓာတ်တွေကို နေ့စဉ်လုံလောက်မျှတစွာရရှိနေတဲ့ ကလေးတစ်ယောက်အတွက် အရိုးအဆစ်တွေမသန်မာမှာ၊ သွားကျန်းမာရေးမကောင်းမှာ၊ သွေးအားနည်းရောဂါ ဖြစ်မှာကို စိုးရိမ်စရာမလိုအပ်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ကလေးတွေမှာ ဗီတာမင်တွေပြည့်စုံလုံလောက်စွာရရှိစေဖို့အတွက် ဗီတာမင်ကြွယ်၀တဲ့အစားအစာတွေကို ဂရုတစိုက်ကျွေးပေးသင့်ပါတယ်။ အစာရွေးတဲ့ ကလေးတွေ၊ လမစေ့ဘဲမွေးဖွားခဲ့တဲ့ကလေးတွေ၊ အသီးအရွက်အစားများသူ မိခင်၏နို့ရည်ကိုသောက်ရတဲ့ကလေးတွေမှာဆိုရင် လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ အလုံအလောက်မရှိနိုင်ပါဘူး။ ဒီလိုကလေးတွေကို မိဘတွေအနေနဲ့ ဗီတာမင်ပြည့်နှက်နေတဲ့ အစားအစာတွေ စား၀င်အောင်ချော့မြူကျွေးပေးဖို့အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အဓိကလိုအပ်တဲ့ ဗီတာမင်များကို ဖော်ပြပေးလိုက်ပါတယ်။
1. ဗီတာမင် D
ကယ်လဆီယမ်ဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် ဗီတာမင် D လိုအပ်ပါတယ်။ ဗီတာမင် D ရနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်ကတော့ နေရောင်ခြည်ပါ။ ဒါပေမယ့် ကလေးက ငယ်လွန်းရင် နေရောင်ထိတွေ့စေခြင်းမှ ရှောင်ကျဉ်ရမှာဖြစ်တဲ့အတွက် မိခင်အနေနဲ့ ငါး၊ ကြက်ဥ၊ ဆီယီရာယ် စတဲ့ဗီတာမင် D ပါ၀င် အစားအစာတွေကို စားပေးသင့်ပါတယ်။
2. ဗီတာမင် A
အမြင်အာရုံကောင်းစေဖို့၊ အရေပြားကျန်းမာစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့အတွက် ဗီတာမင် A အလုံအလောက်ရှိမှဖြစ်မှာပါ။ ဒါကြောင့် ဗီတာမင် A ကြွယ်၀တဲ့ မုန်လာဥအနီ၊ ကန်စွန်းဥ၊ သရက်သီးနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို ကလေးစားတဲ့ အစားအစာထဲမှာပါ၀င်အောင် ထည့်ကျွေးသင့်ပါတယ်။
3. ဗီတာမင် C
ဘက်စုံကျန်းမာရေးအတွက် ဗီတာမင် C က မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ။ လိမေ္မာ်သီး၊ စတော်ဘယ်ရီသီး၊ ကီ၀ီသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ပန်းဂေါ်ဖီစိမ်း စတဲ့အစားအစာတွေမှ ဗီတာမင် C ရရှိစေနိုင်ပါတယ်။
4. သံဓာတ်
သံဓာတ် သင့်ကလေးအတွက်အရေးအကြီးဆုံး ဗီတာမင်ဖြစ်ပြီး ကလေးဖွံ့ဖြိုးနှုန်းနှေးကွေးမှုမဖြစ်အောင်၊ အပြုအမူနဲ့ သင်ယူလေ့လာမှုပိုင်းမှာ အခက်အခဲမရှိအောင်၊ ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းမဖြစ်အောင် သံဓာတ်ကကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်ကို မိခင်နို့ရည်၊ နို့မှုန့်၊ အာဟာရဖြည့်စွက်စာ (Cereal) တို့မှရရှိနိုင်ပါတယ်။ လမစေ့ဘဲမွေးထားတဲ့ ကလေးတွေကိုနေ့စဉ်အစားအစာမှ သံဓာတ်ရယူစေသင့်တဲ့အပြင် မကြာမကြာသံဓာတ်ဖြည့်စွက်စာကျွေးဖို့လိုအပ်ပါတယ်။
5. အိုမီဂါ - 3 ဖက်တီးအက်ဆစ်
ကလေးဦးနှောက်ဖွံ့ဖြိုးမှု၊ မျက်လုံးကျန်းမာရေးအတွက် ဖက်တီးအက်ဆစ်ကိုလိုအပ်ပါတယ်။ မိခင်စားတဲ့အစားအစာထဲမှာ အိုမီဂါ - 3 ဖက်တီးအက်ဆစ်ပါတဲ့ အဆီထူငါးထည့်စားမယ်ဆိုရင် ၄င်းဖက်တီးအက်ဆစ်ဓာတ်ကို မိခင်နို့ရည်မှတဆင့်ရရှိစေနိုင်ပြီး မိခင်နို့မသောက်တဲ့ကလေးတွေအနေနဲ့တော့ နို့မှုန့်မှ ဖက်တီးအက်ဆစ်ဓာတ်ကိုရရှိစေနိုင်ပါတယ်။
CMS (www.drmyanmar.com)