/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-ချောင်းဆိုးတဲ့အခါ

သားသားမီးမီးတို့ ချောင်းဆိုးတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေမှာ အအေးမိ၊ ချောင်းဆိုးတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပြဿနာတစ်ခုပါ။ ဒီလိုပိုးမွှားတွေနဲ့ ထိတွေ့တိုက်ခိုက်မိမှသာ ကလေးတွေရဲ့ ခုခံအားစနစ် ဖွံ့ဖြိုးတိုးတက်လာတာပါ။ ဒီလိုခုခံအားမရသေးခင်စပ်ကြားမှာ ကလေး အမြန်နေကောင်းအောင် သက်သာအောင်လုပ်ဖို့ လိုပါတယ်။
ပုံမှန်ချောင်းဆိုးတာဟာ ၂ ပတ်လောက်အထိ ကြာနိုင်ပါတယ်။ ချောင်းဆိုးတာ အများစုက ဗိုင်းရပ်စ်တွေကြောင့် ဖြစ်လေ့ရှိပါတယ်။ ချောင်းဆိုးတာ အရမ်းမဆိုးဘူးဆိုရင်၊ တခြားစိုးရိမ်ဖွယ်လက္ခဏာတွေမရှိဘူးဆိုရင် အိမ်မှာပဲထားကုသနိုင်ပါတယ်။
အဓိက,ကတော့ ရေဓာတ်ပြည့်ဝအောင် ထားမယ်၊ အနားကောင်းကောင်းယူမယ်၊ ကောင်းကောင်းအိပ်မယ်ဆိုရင် သက်သာလာမှာပါ။

Solmux Kids 1

>>  အိမ်တွင်းကုထုံးများ
၁။  ဆားရည်နှာခေါင်းတွင်း အစက်ချဆေးရည် သုံးပါ။
ဆားရည်က နှာခေါင်းတွင်းအချွဲတွေကို ပျော့သွားစေပြီး အလွယ်တကူ ဖယ်ရှားစေနိုင်ပါတယ်။
ကလေးသေးသေးလေးတွေမှာ နှာခေါင်းထဲ အစက်ချရတာ ခက်ခဲနေရင် ရေနွေးနဲ့ ရေချိုးပေးပါ။ ဒီနည်းကလည်း နှာခေါင်းတွင်းလမ်းကြောင်းကို ရှင်းလင်းစေပြီး ချွဲတွေကို ပျော့ပျောင်းစေပါတယ်။

၂။  အရည်များများတိုက်ပါ။
ဖျားနာနေတဲ့အခါ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဖျားနာခြင်းကို တိုက်ထုတ်နိုင်သလို အသက်ရှူလမ်းကြောင်းကိုလည်း စိုစွတ်စေပါတယ်။
အရင်ကလို နို့ကောင်းကောင်းမစို့၊ ကောင်းကောင်းမစားရင် ရေပိုသောက်ဖို့ လိုပါတယ်။ ကလေး သောက်ချင်သလောက် တိုက်ပါ။ အတင်းကြီးတော့ မတိုက်ပါနဲ့။

၃။  ပျားရည်တိုက်ပါ။
ပျားရည်ဟာ လည်ချောင်းနာတာ သက်သာစေနိုင်တဲ့ သဘာဝအချိုဓာတ်ပါ။
အသက် ၁ နှစ်အောက်ကလေးတွေမှာတော့ ပျားရည်က မသင့်တော်ပါဘူး။ ၁ နှစ်အထက် ကလေးတွေမှာတော့ ပျားရည်တစ်ဇွန်းလောက် တိုက်လို့ရပါတယ်။ ရေနွေးလေးနဲ့ ရောဖျော်တိုက်လို့လည်း ရပါတယ်။

Solmux Kids 2

၄။  အိပ်တဲ့အခါ ခေါင်းပိုင်းကို မြှင့်ပေးထားပါ။
ကလေးတွေကို ခေါင်းအုံးတွေထပ်ပြီး အိပ်ခိုင်းရတာ ခက်ခဲမှာပါပဲ။ နောက်တစ်နည်းက ခေါင်းအုံးခံတာမျိုးမဟုတ်ဘဲ အိပ်ရာခေါင်းရင်းကို မြှင့်လိုက်တဲ့နည်းပါပဲ။ ကလေးမွေ့ရာအောက်မှာ တဘက်လိပ် ခံထားတာမျိုးလည်း ဖြစ်ပါတယ်။

၅။  အစိုထိန်းစက်နဲ့ အစိုဓာတ် မျှတအောင်ထားပါ။
လေထဲမှာ အစိုဓာတ်ကို ထိန်းသိမ်းထားခြင်းဖြင့် လေထုခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ပြီး ချွဲသလိပ်တွေကို ပျော်ဝင်စေနိုင်ပါတယ်။ ဒါမှ ချောင်းဆိုးတာနဲ့ သလိပ်ကပ်တာတွေ သက်သာစေမှာပါ။
ကလေး အိပ်ခန်းထဲမှာ တစ်ညလုံး အစိုထိန်းစက်ကို ဖွင့်ထားပေးပါ။ နေ့ခင်းဘက်ဆိုလည်း ကလေးအနေများတဲ့ အခန်းထဲမှာ ဖွင့်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။

၆။  လေထုအေးအေးထဲ လမ်းလျှောက်ပေးပါ။
လေလေး တအေးအေးနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကလည်း ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
ကလေးကိုချီပြီး အပြင်မှာ လေအေးလေး ခံပေးတာက ချောင်းဆိုးတာကို သက်သာစေနိုင်တဲ့အပြင် အအေးမိတာကိုလည်း အချိန်တိုနဲ့ ပျောက်စေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)