/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-အနိုင်ကျင့်ခံရတဲ့အခါ-မိဘတွေအနေနဲ့-ဘာလုပ်သင့်သလဲ

သားသားမီးမီးတို့ အနိုင်ကျင့်ခံရတဲ့အခါ မိဘတွေအနေနဲ့ ဘာလုပ်သင့်သလဲ

Category
ကလေးများနှင့်ကျန်းမာရေး

အနိုင်ကျင့်ခံရခြင်းဟာ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလိုပဲ တွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်တာ ကြောင့် များသောအားဖြင့် လျစ်လျူရှုမိတတ်ကြပါတယ်။ တကယ်ကတော့ အနိုင်ကျင့်ခံရခြင်းဟာ မိဘများ အနေနှင့် လုံးဝလက်သင့်မခံရမယ့်ကိစ္စဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်တော့ အနိုင်ကျင့်ခံရပြီး ကြီးပြင်းလာတဲ့ ကလေးများအနေနှင့် လူကြီးဖြစ်တဲ့အထိ စိတ်ဒဏ်ရာရနေတတ်လို့ဖြစ်ပါတယ်။ ရေရှည် အနိုင်ကျင့်ခံရမယ်ဆိုရင်တော့ ကလေးရဲ့စိတ်မှာထိခိုက်မှုတွေ ပိုမိုဆိုးရွားလာနိုင်ပြီး လူမှု ဆက်ဆံရေးကိုပါ ထိခိုက်စေပါ လိမ့်မယ်။

>> မိမိရင်သွေးလေးတွေကို သူများအနိုင်ကျင့်နေပြီဆိုရင် မိဘများအနေနှင့် ဘာတွေဆောင်ရွက် ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

  • အနိုင်ကျင့်ခြင်းကို ခေါင်းငုံ့မခံသင့်ကြောင်း  လက်ခံထားပါ

အနိုင်ကျင့်ခြင်းဟာ ကလေးတွေအတွက် ဆိုးရွားတဲ့စိတ်ဒဏ်ရာရစေနိုင်တဲ့အပြင် သူတစ်ပါးကို မခုခံ နိုင်ဘူး ဆိုတဲ့ အငုံ့စိတ်ပါဝင်စေနိုင်ပါတယ်။ ဒါကြောင့် မိမိရင်သွေးလေးတွေကို ဘယ်လိုနည်းနှင့်မှ သူတစ်ပါး အနိုင်ကျင့်တာ မခံရစေဖို့ ကာကွယ်ပေးပါ။

  • ပြဿနာအလုံးစုံကို သိရှိအောင်ကြိုးစားပါ

ကလေးပေါင်း တစ်သိန်းခြောက်သောင်းကို လေ့လာခဲ့တဲ့အခါမှာ ကျောင်းမှာအနိုင်ကျင့်နှိပ်စက်ခံရသူ ကလေးတွေဟာ ကျောင်းတက်ရမှာ ကြောက်လန့်လေ့ရှိပြီး တစ်လကို အနည်းဆုံး တစ်ရက်လောက် ကျောင်းပြေးချင်ကြပါတယ်။ ဒီအထဲကမှ ကလေးအနည်းစုလောက်ကသာ လူကြီးတွေကို ဖွင့်ပြောပြ ကြတာပါ။ လူကြီးတွေကိုပြောခြင်းဖြင့် ထိရောက်နိုင်မှာမဟုတ်ဘဲ ပိုတောင်အရှက်ရစေမယ်လို့ ထင်လို့မပြောပြကြပေမယ့် မိဘတွေအနေနှင့် မိမိရင်သွေးလေးကို အရိပ်တကြည့်ကြည့် အကဲခတ် နေသင့်ပါတယ်။

  • အနိုင်ကျင့်သူကို ရှာဖွေပါ

ယောက်ျားလေးတွေက များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကို ပိုမိုပြုလုပ်လေ့ ရှိကြပါတယ်။ အနိုင်ကျင့်တတ်တဲ့ကလေးတွေဟာ သူတို့ထက်စာရင် အားနည်းတယ်ထင်ရသော ကလေးများကို ရှာဖွေကြပါတယ်။ သူတစ်ပါးကို အနိုင်ကျင့်လိုခြင်းဟာ အိမ်မှာ ပြင်းထန်စွာအပြစ် ပေးခံရခြင်း၊ အရိုက်ခံရခြင်း၊ စိတ်ကျခြင်းတို့ကြောင့် စတင်လာရခြင်း ဖြစ်ပါတယ်။

  • ဘယ်လိုကလေးမျိုးဟာ အနိုင်ကျင့်ခြင်းခံရလဲဆိုတာ ကြိုတင်သိရှိထားပါ

ကလေးငယ် ကျား၊မ မရွေးဟာ အနိုင့်ကျင့်ခြင်းခံရနိုင်ပါတယ်။ ခန္ဓာကိုယ်သေးညှက်သော ကလေးများ၊ ကိုယ်လက်မသန်စွမ်းသူများ၊ ကနွဲ့ကလျဖြစ်နေသော ယောကျ်ားလေးများအနေနှင့် လည်း အနိုင်ကျင့်ခြင်းကို ပိုမိုခံရတတ်ပါတယ်။

  • ရပ်တန့်ဖို့ ကြိုးစားပါ

သားသားမီးမီးလေးတွေကို သူတပါးက အနိုင်ကျင့်တာမျိုးတွေ့ပါက မကြိုက်ကြောင်း ချက်ချင်းပြော ဆိုပါ။ ကလေးကို မခံချင်အောင် လိုက်စနောက်တာမျိုးကိုတောင်မှ တားမြစ်သင့်ပါတယ်။ သားသား မီးမီးများကိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ မကြောက်ရွံ့ဘဲ မိဘကို ပြန်ပြောပြဖို့ သင်ပြပေးထားပါ။ မိမိစိတ်ထဲမှာ ခံစားနေရသမျှကို ဖေဖေမေမေတို့အား အချိန်မရွေး ပြောကြားနိုင်ကြောင်း သိရှိထား ပါစေ။

ကျောင်းမှာ  မိမိသူငယ်ချင်း အနိုင်ကျင့်ခံရတာကိုတွေ့ပါက ဆရာမနှင့် ချက်ချင်းတိုင်ကြားပေးဖို့လည်း သင်ပေး ထားနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)