သားသားမီးမီးတို့ အိမ်မက်ဆိုးမက်တဲ့အခါ ...
● ကလေးတွေ ညဘက်ညဘက် အိပ်ပျော်ပြီး နာရီနည်းနည်းလောက်ကြာရင် ကြောက်လန့်တကြား အော်ဟစ်ပြီး နိုးလာတာမျိုးတွေ ကြုံဖူးကြပါသလား။ ဒီလိုအိပ်မက်တွေက လန့်နိုးလာပြီဆိုရင် ကလေးက အရမ်းစိတ်တို၊ ကြောက်ရွံ့နေပြီးတော့ သူတို့ကို ပြန်လည်နှစ်သိမ့်ရတာလည်း အရမ်းခက်ပါတယ်။
● ကလေးတွေရဲ့ ၅% လောက်က အိပ်မက်ဆိုးတွေရဲ့ နှိပ်စက်ခံရပြီးတော့ အထူးသဖြင့်တော့ မူကြိုနဲ့ မူလတန်းအရွယ် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါတွေက ကလေးအပေါ်မှာ ရေရှည်ဆိုးကျိုးတော့ မရှိပါဘူး။ ကလေးကြီးလာရင် ဒါတွေကလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။
အရမ်းပင်ပန်းနွမ်းနယ်တာနဲ့ အိပ်ရေးမဝတာတွေကြောင့် အိပ်မက်ဆိုးမက်ပြီး လန့်နိုးတာတွေကို ပိုဖြစ်စေပါတယ်။
>> အိပ်မက်ဆိုးကြောင့် လန့်နိုးတဲ့လက္ခဏာတွေ -
● ညဘက် အိပ်မက်ဆိုးမက်ပြီဆိုရင် ရုတ်တရက်ကြီး အာခေါင်ခြစ်ပြီး အော်ဟစ်သံကို ကြားရပြီးတော့ ကလေးက အရမ်းကြောက်ရွံ့နေတဲ့ပုံ ဖြစ်နေပါလိမ့်မယ်။
● အိပ်ရာထဲမှာပဲ လက်တွေ၊ ခြေထောက်တွေနဲ့ ရုန်းကန်ကြောက်နေပါလိမ့်မယ် ဒါမှမဟုတ်လည်း ထပြီးတော့ အိမ်ပတ်ပတ်လည်မှာ ပြေးနေတတ်ပါတယ်။ အများအားဖြင့် မိဘတွေက သူတို့ကို ရပ်ဖို့၊ နှစ်သိမ့်ဖို့ လုပ်တာတွေကို သတိမထားမိဘဲ နေတတ်ပါတယ်။
● ကလေးက နှလုံးခုန်တွေမြန်၊ အသက်ရှူတွေ မြန်နေပါမယ်။
● ချွေးတွေ အရမ်းထွက်ပြီးတော့ ကြောက်ရွံ့နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာကို တွေ့ရပါမယ်။
● ကလေးက ဘယ်သူ့ကိုမှ မှတ်မိမှာမဟုတ်သလို မကြောက်အောင် နှစ်သိမ့်လို့လည်း ရဦးမှာမဟုတ်ပါဘူး။
● ဒီလို အိပ်ရာက ကြောက်လန့်တကြား နိုးထလာတာက ၅-၁၀ မိနစ်လောက်ကြာပြီဂတော့ တစ်ညတည်းမှာပဲ တစ်ကြိမ်ထက် ပိုပြီးဖြစ်နိုင်ပါတယ်။
>> ဒီလိုမျိုး ညဘက်တွေမှာ ကြောက်လန့်တကြား နိုးထရတာ ဘာကြောင့်လဲ?
နိုးတစ်ဝက် အိပ်တစ်ဝက် အချိန်တွေမှာ ဒီလိုတွေဖြစ်တတ်ပါတယ်။ အိပ်ရာကနေထဖို့ အာခေါင်ခြစ်ပြီး အော်ဖို့ မျက်လုံးတွေ ပွင့်နေဖို့လောက် နိုးနေပေမယ့်လည်း မိဘတွေလာပြီး နှစ်သိမ့်ရင် မသိအောင် အိပ်မောကျနေပါတယ်။ မနက်ရောက်ရင်တော့ ညမှာဖြစ်ခဲ့တာတွေကို လုံးဝမမှတ်မိတော့ပါဘူး။
မိသားစုထဲမှာလည်း ဒီလို ညဘက်ေ ကြာက်လန့်တကြား လန့်နိုးတတ်တဲ့သူတွေနဲ့ အိပ်ပျော်နေတုန်း လမ်းထလျှောက်တတ်တဲ့သူတွေ ရှိတတ်ပါတယ်။ ကျန်းမာနေတဲ့ကလေးတွေမှာလည်း ဖြစ်တတ်ပြီးတော့ စိတ်ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ မဆိုင်တတ်ပါဘူး။ အတက်ရောဂါနဲ့လည်း မဆိုင်ပါဘူး။ ဒါပေမဲ့ နေမကောင်းတဲ့အချိန်တွေ၊ တစ်ခုခုကို စိုးရိမ်ပူပန်နေတဲ့အချိန်တွေမှာတော့ ပိုဆိုးတတ်ပါတယ်။
>> ဒီလိုဖြစ်တတ်တဲ့ကလေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ?
ဒီလို ညဘက် ကြောက်လန့်တကြားနဲ့ ဖြစ်နေတဲ့အချိန်အတွင်းမှာတော့ ဘာမှ သိပ်လုပ်မပေးနိုင်ပေမယ့်လည်း ကလေးကို ဂရုစိုက်ပေးနိုင်တဲ့အချက်တွေတော့ ရှိပါတယ်။
● ကလေးက ညဘက်တွေ ကြောက်လန့်ပြီး နိုးလာချိန်မှာ စိတ်ငြိမ်ငြိမ်လေး ထားပြီးတော့ ကလေးက သူ့ကိုယ်သူ အန္တရာယ်ဖြစ်အောင် လုပ်တာ မရှိမချင်း သူတို့ကို သွားမထိပါနဲ့။ ကလေးတွေကို အဲအချိန်မှာ အတင်းသွားပြီးတားတာက ပိုဆိုးစေနိုင်ပါတယ်။
● အိမ်ကို အန္တရာယ်ကင်းအောင် ထားပါ။ တံခါးတွေ၊ ပြတင်းပေါက်တွေကို သေချာလော့ချပြီး ပိတ်ထားပါ။ အိပ်ခန်းနဲ့ ဧည့်ခန်းကြမ်းပြင်တွေကို သန့်ရှင်းထားပါ။ ဒါမှ ကလေးက ပစ္စည်းတွေကို တက်နင်းမိတာ၊ ချော်လဲတာတွေ မဖြစ်မှာပါ။
● ကလေးကို ပင်ပန်းနွမ်းနယ်တာတွေ မရှိစေဖို့အတွက် အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးပါ။
● နောက်နေ့မှာ ဒါကို ပြောပြီး လှောင်ပြောင်တာ၊ မောင်နှမတွေကြားမှာလည်း စတာမျိုးတွေမရှိအောင် တားပါ။ ဒါက ကလေးကို ဒေါသထွက်ပြီးတော့ ညဘက်တွေမှာ ပိုဖြစ်စေပါတယ်။
ကလေးက ကျောင်းက ဆရာမတွေ သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါမှာ ကလေးမှာ ညဘက် ကြောက်လန့်တကြား လန့်နိုးတတ်တဲ့အကြောင်း ဆရာမတွေကို ပြောပြထားပါ။ ပြီးတော့ ကလေးကို ဂရုစိုက်ပေးရမယ့်အချက်တွေကို စာနဲ့ရေးပြီး သေချာမှာလိုက်ပါ။ ခရီးမထွက်ခင်မှာ ကလေးကို အိပ်ရေးဝနေအောင် အိပ်ခိုင်းပါ။
>> ဘယ်အချိန်ဆိုရင် ဆရာဝန်ပြဖို့ လိုပြီလဲ?
● ညဘက် ကြောက်လန့်တကြား လန့်နိုးတာတွေက ပိုဆိုးလာပြီးတော့ ကလေးနဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကို ထိခိုက်ဒဏ်ရာ ရစေနိုင်ရင်
● မကြာခဏ ဖြစ်လာပြီးတော့ မိသားစုကိုလည်း အိပ်ရေးတွေ ပျက်စေတယ်ဆိုရင်
● ကလေးက ညဘက် အိပ်ရေးမဝတော့ နေ့လယ်ဘက်တွေမှာ အရမ်းအိပ်ငိုက်ရင်
Dr. Mya Myo Myo Swe (www.drmyanmar.com)






























