/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတွေ-၀မ်းချုပ်ရတဲ့-အကြောင်းရင်းလေးတွေ

သားသားမီးမီးတွေ ၀မ်းချုပ်ရတဲ့ အကြောင်းရင်းလေးတွေ

Category
ကလေးများနှင့်ကျန်းမာရေး

လူကြီးတွေလိုပဲကလေးတွေလည်း ၀မ်းချုပ်တတ်ပါတယ်။ ကလေးတွေက လူကြီးတွေလို တစ်နေ့တခါ သွားချင်မှသွားပါမယ်။ သုံးလေးရက်ကြာမှ တခါသွားတာမျိုးလည်း ရှိနိုင်ပါတယ််။ ၀မ်းသွားတိုင်း မအီမသာဖြစ်နေတတ်တာမျိုး ၀မ်းမာမာသွားတတ်တာတွေ တွေ ့ရမှာပါ။ လသားလေးတွေ ၀မ်းချုပ်တဲ့အခါ ဗိုက်မအီမသာဖြစ်တဲ့အတွက် ခြေထောက်လေးတွေကို ဆန့်ထားပြီး တင်ပါးကြွက်သားတွေကို အတင်းရှုံ့ထားတာမျိုးရှိတတ်သလို  လေးဘက်သွားကာလအရွယ်တွေကျတော့ ခြေချောင်းလေးတွေကို ကွေးချည်ဆန့်ချည်လုပ်ပြီး ဘယ်ညာလူးလှိမ့်နေတတ်ပါတယ်။

 

ဒါ့အပြင်ကလေးက ဒီလိုလေးတွေလည်း ဖြစ်တတ်ပါတယ်။

♦ ဗိုက်နာမယ် ငိုမယ် အီမယ်

♦ အစားနည်းမယ်

♦ ပျို့မယ် အန်မယ်

♦ ဆီးမကြာခဏသွားမယ်

 

ကလေးတွေက မွေးကာစကနေ သုံးလေးနှစ်အရွယ်အထိ ၀မ်းသွားပုံ အနေအထား အူလမ်းေကြောင်းလုပ်ငန်းတွေ အပြောင်းအလဲကြောင့် ကလေးတွေ၀မ်းချုပ်တာ ပုံမှန်လည်း ဖြစ်နိုင်ပါသေးတယ်။ တကယ်ကျတော့ နောက်ခံရောဂါရှိနေတတ်တာ သိပ်ရှားပါတယ်။

Ceelin 1

၀မ်းချုပ်စေတဲ့ ရှားရှားပါးပါးနောက်ခံရောဂါတွေနဲ့ အခြေအနေတွေကတော့

♦ လည်ပင်းကြီးအကျိတ် မူမမှန်ရောဂါ

♦ အူလမ်းကြောင်းမှာ အာရုံကြောဆဲလ်တချို့မရှိတဲ့ Hirschsprung ရောဂါ

♦ ဦးနှောက်ထိခိုက်ထားတဲ့ကလေးတွေ

♦ ဆီးချိုရောဂါ

♦ Cystic fibrosis ရောဂါ

♦ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးတွေ  ဖြစ်ပါတယ်။ ဒီလိုနောက်ခံအကြောင်းရှိတဲ့ ကလေးတွေမှာ မကြာခဏ ၀မ်းချုပ်တတ်ပါတယ်။

 

နောက်ထပ်ဘာအကြောင်းတွေကြောင့် ၀မ်းချုပ်နိုင်သေးသလဲ……….

♦ ကလေးတွေ သိပ်ဆော့လွန်းပြီး အိမ်သာပြေးသွားဖို့ အချိန်မပေးချင်တာ

♦ အစားအစာထဲမှာ အသီးအနှံ အမျှင်ဓာတ်နည်းပါးတာ

♦ မိခင်နို့ကနေ နို့မှုန့်ပြောင်းတိုက်တဲ့အခါ

♦ နေမကောင်းလို့ ရေဓာတ်နည်းတဲ့အခါ

♦ အိမ်သာသွားရတာကို မနှစ်သက်တာ

♦ မူကြိုကျောင်းမှာ ဖိစီးမှုများတာ

♦ အချိုသိပ်စားလွန်းတာတွေကြောင့် ၀မ်းချုပ်စေပါတယ်။

 

၀မ်းချုပ်ပြီး သိပ်မကြာခင် …………

♦ ရုတ်တရက် အန်တာ

♦ ဗိုက်နာတာ

♦ သွေးရောင်၀မ်းသွားတာ

 

ဒါတွေဖြစ်လာရင် စိုးရိမ်ရတာမို့ ကလေးဆရာ၀န်ကို ချက်ချင်းပြရပါမယ်။

ဓာတ်မှန်ရိုက်တာထက် ဗိုက်စမ်းသပ်တာ စအိုတွင်း စမ်းသပ်တာ လိုအပ်တဲ့ရောဂါရာဇ၀င်မေးမြန်းပြီး ကလေးရဲ့ ၀မ်းနမူနာကို ဓာတ်ခွဲခန်းပို့စစ်တာတွေ လုပ်ပေးပါလိမ့်မယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin 2

(Unicode)    


 






 









 









 





 



 
