သားသားမီးမီးလေးတွေ ဘာကြောင့်သေးကွေးနေရတာလဲ
(၁) လုံလောက်သော ကယ်လိုရီပမာဏကို မစားသုံးခြင်း
ကလေးက အကြောင်းတစ်ခုခုကြောင့် မေမေ ကျွေးသလောက်ကို မစားခြင်း၊ မေမေ့အနေနှင့် တစ်နေ့တာကျွေးရမယ့် ကယ်လိုရီပမာဏကို မသိခြင်း၊ ပြေးလွှားဆော့ကစားတဲ့အရွယ်တွေမှာ အစာမစားဘဲ ကစားဖို့သာ အာရုံစိုက်နေခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် တစ်နေ့တာ လိုအပ်တဲ့ကယ်လိုရီပမာဏကို ပြည့်မီအောင် မစားတာမျိုး ဖြစ်လေ့ရှိပါတယ်။
(၂) အစားအစာကန့်သတ်ခြင်း
အချို့မေမေများအနေနှင့် အစာအုပ်စု စုံလင်အောင် မကျွေးမွေးခြင်း၊ အာဟာရမှုန့်များ ဖျော်ရာတွင် ရေကို လိုတာထက် ပိုထည့်ခြင်းကြောင့် ကျဲသွားခြင်း စတဲ့ အချက်တွေအပြင် ဆယ်ကျော်သက်ကလေးတွေမှာဆိုရင် ကိုယ်အလေးချိန် တက်မှာကြောက်ပြီး အစာမစားခြင်းကြောင့်လည်း ကိုယ်အလေးချိန် မတိုးတာမျိုး ဖြစ်တတ်ပါတယ်။
Nutroplex 1

(၃) ခံတွင်း သို့မဟုတ် အာရုံကြောဆိုင်ရာပြဿနာများ
သားသားမီးမီးလေးတွေအနေနှင့် အစာမျိုချရန် ခက်ခဲသော အာရုံကြောဆိုင်ရာပြဿနာရှိခြင်း သို့မဟုတ် နှုတ်ခမ်း/အာခေါင်ကွဲနေခြင်း စသည့် ပြဿနာတို့ကြောင့်လည်း အစာမစားလိုတာမျိုး ရှိနိုင်ပါတယ်။
(၄) အော့အန်ခြင်း
အစာအိမ်တွင်း အက်ဆစ်များခြင်းနှင့် ကြွက်သားများကို ပျော့စေသော အာရုံကြောပြဿနာတွေကြောင့် အလွန်အမင်း အော့အန်စေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးအနေနှင့် စားသမျှ အန်နေရသဖြင့် ကြီးထွားမှု နှေးကွေးတတ်ပါတယ်။
(၅) သိုင်းရွိုက်ရောဂါ
အလွန်တက်ကြွသော သိုင်းရွိုက်ဂလင်းကို ပိုင်ဆိုင်သူများအနေနှင့် စားသမျှ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းတတ်တာကြောင့် ကြီးထွားမှု နှေးကွေးတတ်ပါတယ်။
Nutroplex 2

(၆) နှလုံးပြဿနာများ
နှလုံးအားနည်းသောရောဂါရှိတဲ့ ကလေးများအနေနှင့် အစာကောင်းစွာ မစားနိုင်သဖြင့် ကြီးထွားမှုမရှိဘဲ သေးကွေးတတ်ပါတယ်။
(၇) ကျောက်ကပ်ပြဿနာ
ကျောက်ကပ်ရောဂါရှိသော ကလေးများအနေနှင့်လည်း ကိုယ်ခန္ဓာကြီးထွားမှုမရှိခြင်း အရပ်မရှည်ခြင်း စတဲ့ ဆိုးကျိုးတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။
မေမေတို့အနေနှင့် သားသားမီးမီးလေးတွေ ကြီးထွားမှုနှေးနေတယ်လို့ သံသယရှိတဲ့အခါ အာဟာရအုပ်စုများ စုံလင်အောင် ကျွေးမွေးခြင်းအပြင် နောက်ခံရောဂါ ရှိ၊ မရှိ သိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ပြသပြီး လိုအပ်တဲ့စစ်ဆေးမှုများကိုလည်း ပြုလုပ်ကြဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)