/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီး-ဝက်သက်ပေါက်လို့-စိတ်ပူနေရပြီလား

သားသားမီးမီး ... ဝက်သက်ပေါက်လို့ စိတ်ပူနေရပြီလား

Category
ကလေးများနှင့်ကျန်းမာရေး

          ကိုယ်ပေါ်မှာ အစက်လေးတွေ အကွက်လေးတွေ ပေါ်လာပြီး ဖျားလည်း ဖျားလာပြီဆိုရင်တော့ ဝက်သက်လေလားလို့ စိတ်ပူကြသူမေမေတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 

>>    အမှန်အကန် ဝက်သက်ပေါက်ရင် ဘာဖြစ်တတ်သလဲ?

          အသက်ငါးနှစ်အောက် ကလေးတွေ ကာကွယ်ဆေး မထိုးထားတဲ့ကလေးတွေမှာ ဝက်သက်ပေါက်တဲ့အခါ -

•        အဖျားကြီးလာမယ်။

•        ချောင်း တဟွတ်ဟွတ် ဆိုးမယ်။

•        နှာစေး နှာပိတ် ဖြစ်မယ်။

•        မျက်လုံးအိမ်တွေ ရဲနီလာမယ်။

•        ပါးစပ်ထဲမှာ အဖြူစက်တွေ ဖြစ်လာမယ်။

•        ကိုယ်ပေါ်မှာ အစက်အပြောက်တွေ ပေါ်လာမယ်။

 

>>    ဒီထက် ဆိုးလာရင် ...

•        နမိုးရီယားလို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ရလာမယ်/

•        ဝမ်း အပြင်းအထန် လျှောမယ်

•        ဦးနှောက် အမြှေးရောင်တာတွေထိ ဆိုးဝါးသွားနိုင်တာကို သတိမူသင့်ပါတယ်နော်။

          ၁၉၆၃ ခုနှစ်မှာ ဝက်သက်ကာကွယ်ဆေး ပေါ်ထွက်လာပြီး ၂၀၀၀ ပြည့်နှစ်မှာ ဝက်သက်ကင်းစင်ဇုန် အတော်များများ သတ်မှတ်နိုင်ခဲ့ပါပြီ။

 

>>    ဝက်သက် ဘာကြောင့်ဖြစ်သလဲ?

          ဝက်သက်ရောဂါပိုးဟာ ကူးစက်ပျံ့နှံ့ပြီး လေပြွန်လေးတွေနဲ့ အဆုတ်ကို စတင်ပြန့်ပွားလာတာပါ။

          ပြန်ရည်ကြောင်းတွေကနေ ပျံနှံပြီး ခန္ဓာကိုယ်ရဲ့ အမြှေးပါးတွေဖြစ်တဲ့ နှာခေါင်းနဲ့ လည်မျိုကို ဆက်လက်ချီတက်ပါတယ်။

          ဒီတော့ ချောင်းဆိုး၊ နှာချေတာတွေကတစ်ဆင့် ဝက်သက်ပိုးကို ကောင်းကောင်း ဖြန့်ဖြူးနိုင်တာကို သတိမူကြဖို့ ဖြစ်ပါတယ်။ နှစ်နာရီအတွင်း လူတစ်ယောက် ချောင်းဆိုးသွားတဲ့နေရာတစ်ခုမှာ ဝက်သက်ပိုးပါနေခဲ့ရင် ကူးစက်ဖို့ အန္တရာယ်က ထိပ်ဆုံးမှာ ပါနေပါတယ်။

          ဝက်သက်ရဲ့ ကူးစက်နိုင်စွမ်းက အလွန်မြင့်မားပါတယ်။ ဒီတော့ ရောဂါဖြစ်နေတဲ့သူနဲ့ ထိတွေ့ဆက်ဆံသူတွေမှာ ကာကွယ်ဆေး ထိုးမထားခဲ့ဖူးဆိုရင် လုံးဝကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိနေပါတယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနက အသိပေး ကြေညာထားပါတယ်။

 

>>    ဝက်သက်ရဲ့ တခြားလက္ခဏာတွေကတော့ -

•        ကြွက်သားတွေ နာမယ်။

•        ဗိုက် အောင့်မယ်။

•        အလင်း မခံနိုင်ဘူး

•        လည်ချောင်း နာမယ်။

•        ခေါင်း ကိုက်မယ်။

•        အကျိတ်အစေ့လေးတွေထွက်မယ်။

•        မျက်လုံးတွေ ရဲတွတ်လာမယ်။

          ဒီတော့ ကလေးတွေအားလုံး ဝက်သက်ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းပါတယ်နော်။

          အသက်ကိုးလနဲ့ တစ်နှစ်မှာ ပထမတစ်ကြိမ် ထိုးနှံပြီး အသက် ၄ နှစ်နဲ့ ၆ နှစ်ကြားမှာ ဒုတိယအကြိမ် ထိုးနှံသင့်ပါတယ်။ ဝက်သက်ဟာ အော်တစ်ဇင်ရောဂါနဲ့ လုံးဝဆက်စပ်မှု မရှိပါဘူးနော်။

 

>>    ဝက်သက်ထိုးတဲ့အခါ ထိုးပြီးစမှာ -

          နည်းနည်း ဖျားမယ်။ အဆစ် နာမယ်။ အကွက်လေးတွေ ပေါ်လာတတ်မယ်။ ဒီလောက်ပါပဲ။ အချိန်တန်ရင် ဖြည်းဖြည်းချင်း ပျောက်ကင်းသွားတတ်တာမို့ စိတ်မပူရပါဘူးလို့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)