သိထားသင့်သည့် ကလေးမစင်အကြောင်း
သင်ဟာ မိဘအသစ်စက်စက်ဖြစ်မယ်ဆိုရင်တော့ ကလေးမစင်အရောင်နဲ့ ပတ်သက်ပြီး ယခင်ကသိထားတာ တွေထက် ပိုပြီးသိသင့်ပါတယ်။ အချိန်တိုင်းမှာ အစင်အရောင်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီမစင်တွေက ပုံမှန်လား/ ရောဂါလက္ခဏာတစ်ခုခုလားဆိုတာကို သင်ဘယ်လိုသိနိုင်ပါမလဲ?
ဒါနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို သိထားသင့်ပါတယ်။
ကလေးမှာ ဘာတွေဖြစ်နေလဲ?
သင့်ကလေးက ပထမဆုံးပါချလိုက်တဲ့ မစင်ကို ငယ်ချေးလို့ခေါ်ပါတယ်။ ဒါကတော့ အစိမ်းပုတ်ရောင်ရှိပြီး ကပ်စေးစေးနေပါတယ်။ ငယ်ချေးကိုတော့ ကလေးမွေးပြီး ၃ ရက်အတွင်းမှာပဲ တွေ့ရပါတယ်။
ကလေးက နို့ကိုမျိုချလိုက်ရင် အစာအိမ်ထဲကိုရောက်သွားမယ်။ အဲဒီမှာ acid က နို့ကိုချေဖျက်လိုက်ပြီး အူသိမ်ထဲကို ဆက်ဆင်းသွားပါမယ်။ အချို့သော အစာချေပြီးသား အာဟာရတွေနဲ့ ရေတွေကိုတော့ သွေးထဲကိုစုပ်ယူလိုက်ပြီး အစာမကြေပဲကျန်ခဲ့တဲ့ အမျှင်လိုမျိုးကြီးတဲ့အရာတွေကတော့ အောက်ကိုဆက်ပြီး ဆင်းသွားပါမယ်။ ဒီအစာတွေက အူထဲကို အချိန်အပိုင်းအခြားတစ်ခုအကြာမှာ ရောက်လာမယ်ဆိုရင် ခန္ဓာကိုယ်က ဒီထဲကရေတွေကိုစုပ်ယူဖို့ အချိန်ပိုရမှာဖြစ်ပြီး မစင်အတုံးလေးတွေအနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အူတွေက မြန်မြန်လှုပ်ရှားနေရမယ် ဆိုရင်တော့ ရေတွေက မစင်တွေနဲ့အတူရောပြီး အပြင်ကိုထွက်လာမှာပါ၊ ဒါကို ဝမ်းလျှောတယ်လို့ ခေါ်ပါတယ်။
မစင်က အူတစ်လျှောက်သွားနေချိန်မှာ အစာခြေရည်၊ သည်းခြေရည်၊ ဘက်တီးရီးယားတွေနဲ့ အခြားအရာတွေကိုပါ သူနဲ့အတူ သယ်ဆောင်သွားတာကြောင့် မစင်အရောင်နဲ့ အန့ံအမျိုးမျိုး ကွဲပြားသွားပါတယ်။
မိခင်နို့နှင့် နို့မှုန့် ခြားနားချက်
ကလေးစားလိုက်တဲ့ အစားအစာပေါ်မူတည်ပြီး မစင်မှာကွဲပြားမှု ရှိပါတယ်။ ကလေးတွေက မိခင်နို့ကိုပိုပြီး ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ တစ်ခါတစ်ရံ လုံးဝစုပ်ယူလိုက်လို့ ကလေးဟာ ရက်အနည်းကြာ ဝမ်းမသွားတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကျတော့လဲ မိခင်နို့စို့ပြီး ခဏကြာတာနဲ့ မစင်အဝါရောင် အစိစိလေးတွေ သွားတတ်ပါတယ်။ နို့မှုန့်တိုက်တဲ့ကလေးတွေရဲ့မစင်ကတော့ အရောင်ရင့်ရင့်ရှိတတ်ပါတယ်။
မိဘများ သိထားသင့်သည့်အချက်များ
ကလေးစားတဲ့ အစားအစာအပြောင်းအလဲ၊ အစာခြေစနစ်ရင့်ကျက်လာမှုန့ဲ သဘာဝအတိုင်းရှိတတ်တဲ့ ဘက်တီးရီးယားအသစ်တွေပိုမိုရှိလာမှု ပေါ်တွေမှာမူတည်ပြီး မစင် အရောင်နဲ့ ၀မ်းသွားချိန်တွေ ကွဲပြားတတ်ပါတယ်။ အရောင်ပြောင်းလဲမှုက အစာချေစနစ်မှာပြဿနာတစ်ခုဖြစ်ကြောင်း ပြတယ် ဆိုတာတော့ရှားပါးပါတယ်။ မစင်ဖြတ်လာတဲ့အူလမ်းကြောင်းတစ်လျှောက်မှာ အဝါ၊အစိမ်း၊အညို၊လိမေ္မာ်ရောင်စတဲ့ ရောင်ခြယ်ပစ္စည်းတွေ များများရှိနေလား နည်းနည်းပဲရှိလားဆိုတာကိုပဲ ပြောနိုင်ပါတယ်။
Dr. Mya Myo Myo Swe






























