သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်မလဲ
သွေးလွန်တုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ ပိုးကိုသတ်နိုင်တဲ့ဆေး မပေါ်သေးပါဘူး။ ရောဂါပိုပြီးမဆိုးအောင်၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကိုပဲ သက်သာအောင် ကုသနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ရာသီတုပ်ကွေးနဲ့လည်း ဆင်ဆင်တူတာမို့ မိဘတွေအနေနဲ့ သတိထားရမယ့် လက္ခဏာတွေကို သိထားရပါမယ်။သွေးလွန်တုပ်ကွေးကို ဘယ်လိုကြိုတင် ကာကွယ်ရမလဲ ဆိုရင်
ကလေးတွေကို ရေ/အရည်များများ သောက်ခိုင်းပါ။ ရေဓာတ်ခန်းခြောက်ရင် သွေးလွန်တုပ်ကွေးဟာ ပိုပြီးဖြစ်နိုင်ချေ ရှိပါတယ်။
သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ အေးဒီး (Aedes) ခြင်ဟာ ရေကြည်/ ရေသန့်မှာ ပေါက်ဖွားတာဖြစ်လို့ အိမ်က ပန်းအိုး၊ သောက်ရေအိုး စတာတွေကို လဲလှယ်တာ၊ အဖုံးဖုံးထားတာမျိုး လုပ်ဆောင်ရပါတယ်။
Aedes ခြင်ဟာ နေ့လယ်၊ ညနေစောင်းတွေမှာ ပိုကိုက်တတ်လို့ ကလေးတွေကို အဲဒီအချိန်တွေမှ အပြင်ထွက်ဆော့တာကို လျှော့ခိုင်းသင့်ပါတယ်။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးတာမျိုး၊ အရောင်ဖျော့တဲ့အဝတ်အစား ဝတ်ပေးတာမျိုးကလည်း ခြင်ကိုက်ခံရတာကို ကာကွယ်ပေးနိုင်ပါတယ်။
ကလေးတွေကို အပြင်က ပြန်လာတာနဲ့ လက်ဆေးခိုင်းတာမျိုး၊ အိမ်မှာချက်တဲ့ အစားအသောက်ကို များများစားစေတာမျိုး ငယ်ငယ်ထဲက အလေ့အကျင့် လုပ်ထားသင့်ပါတယ်။
ခြင်မကိုက်အောင် ကာကွယ်တဲ့လိမ်းဆေးမျိုးလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး လိမ်းပေးနိုင်ပါတယ်။ ပြီးတော့ အိပ်တဲ့အခါတိုင်း ခြင်ထောင်နဲ့ သိပ်တာ၊ ခြင်လုံဇကာတတ်တာမျိုးတွေလည်း ပြုလုပ်သင့်ပါတယ်။
ချွေးတွေနဲ့ စိုနေတာမျိုးကလည်း ခြင်ပိုကိုက်စေတာကြောင့် ကလေးတွေဆော့ပြီး ပြန်လာရင် ရေချိုးပေးတာမျိုး ပြုလုပ်ပေးရပါမယ်။
ကိုယ်ခံအားကောင်းနေရင် သွေးလွန်တုပ်ကွေးပါမက တခြားရောဂါပိုးတွေကိုပါ မြန်မြန်တိုက်ထုတ်နိုင်တာမို့ အာဟာရရှိတဲ့ အစားအသောက်တွေ များများကျွေးရပါမယ်။
သွေးလွန်တုပ်ကွေးကို စောစောသိခဲ့ရင် ခဏနဲ့ ပြန်ကောင်းနိုင်ပေမယ့် မသိခဲ့လို့ လိုအပ်တာတွေ မလုပ်ခဲ့ရင် သွေးယိုစီးတာတွေ၊ အသည်း ရောင်/ပျက်တာတွေ၊ တက်တာတွေကနေ နောက်ဆုံး အသက် ဆုံးရှုံးတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေး တစ်ကြိမ် ဖြစ်ဖူးပြီးသားဆိုရင် နောက်တစ်ကြိမ် ဖြစ်ဖို့က ပိုများပြီး ၊ ဖြစ်ခဲ့ရင် ပိုဆိုးတတ်တာကြောင့် အထူးဂရုစိုက်ရပါမယ်။
Dr. Htar (www.drmyanmar.com)






























